BBC navigation

စန္ဒီမုန်တိုင်းဒဏ်ခံပြည်နယ်တွေမှာ အိုဘားမားနိုင်ပြီးဖြစ်

နောက်ဆုံး ရေးသားချိန် 2 နိုဝင်ဘာလ 2012 - 13:57 GMT

လောလောဆယ် လူထုထောက်ခံမှုစစ်တမ်းတွေအရ ညီတူညီမျှထောက်ခံမှုရထားသူ သမ္မတလောင်းနှစ်ဦး

နိုဝင်ဘာ ၆ မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲဟာ သုံးရက်သာ လိုပါတော့တယ်။ စန္ဒီမုန်တိုင်း အမေရိကကို တိုက်ခတ်အပြီးအမှာ အကြီးအကျယ် အမှတ်ရသွားတဲ့ လက်ရှိသမ္မတ အိုဘားမားက ဒုတိယသက်တမ်း သမ္မတ ဆက်လုပ်နိုင်ဖို့ မဲဆွယ်စည်းရုံးမှုတွေ ပြန်စတင်နေသလို ပြိုင်ဘက် သမ္မတလောင်း ရီပတ်ဘလေကန် မစ် ရွမ်နေကလည်း တတ်နိုင်သလောက် စည်းရုံးမှုတွေ လုပ်နေပါတယ်။

အကြိုစစ်တမ်းတွေအရတော့ နစ်ယောက်စလုံးက ၄၉ ရာခိုင်နှုန်းစီနဲ့ လူထုထောက်ခံမှု တူညီနေပါတယ်။ ရွေးကောက်ပွဲတို့ ထုံးစံအတိုင်း နီးလာလေ စိတ်လှုပ်ရှားမှုတွေ ပိုလာလေ ဖြစ်ပါတယ်။ အခုပဲထုတ်ပြန်လိုက်တဲ့ အမေရိကန် အလုပ်လက်မဲ့နှုန်းက ခုနစ် ဒသမ ကိုး ရာခိုင်နှုန်း ရှိနေတာမို့ ကြိုတင်ခန့်မှန်းထားတဲ့ ၈ ရာခိုင်နှုန်းအောက် ရောက်သွားတာမို့ သမ္မတအိုဘားမား အတွက်တော့ ခံသာသွားပါတယ်။

ပြိုင်ဘက်သမ္မတလောင်း ရီပတ်ဘလေကန် မစ် ရွမ်နေ

သမ္မတအိုဘားမားကတော့ စန္ဒီမုန်တိုင်းအပြီး ရွေးကောက်ပွဲ မတိုင်တင် လက်ကျန်ရက်တိုတိုမှာပဲ အကြီးအကျယ် မီးကုန်ယမ်းကုန် စည်းရုံးရေး ဆင်းနေပါပြီ။ ကော်လိုရာဒိုပြည်နယ်မှာ လူထုတွေ့ဆုံပွဲမှာ သမ္မတအိုဘားမားက ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာ အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ကိုင်ခဲ့ပြီးပြီ၊ ဒါပေမဲ့ အလုပ်တွေက မပြီးသေးဘူး၊ ရည်မှန်းချက်တွေ ထိအောင်မိအောင် ဆက်လုပ်ရမယ်၊ ဒါဟာ အမေရိကန်စိတ်ဓာတ်ပဲ၊ လူတိုင်းဟာ ညီမျှတဲ့ အခွင့်အရေးရရမယ်လို့ စကားကြွယ်ကြွယ်နဲ့ လူထုရင်ထဲထိအောင် ပစ်ခွင်းပါတယ်။

သမ္မတအိုဘားမားက ပြည်နယ်သုံးခုမှာ လှည့်ပတ်ပြီး မဲဆွယ်နေသလို ပြိုင်ဘက် သမ္မတလောင်း ရီပတ်ဘလေကန် မစ် ရွမ်နေက ဗာဂျီးနီးယားပြည်နယ်မှာ မဲဆွယ်စည်းရုံး နေပါတယ်။ မစ် ရွမ်နေက လက်ရှိသမ္မတရဲ့ မဲဆွယ်စည်းရုံးရေး ဆောင်ပုဒ် ရှေ့သို့ဆိုတဲ့ စကားလုံးကို ရိပါတယ်။ သမ္မတက ဖောဝပ် ရှေ့သို့ဆိုတဲ့ စကားလုံးသုံးလို့ မဲဆွယ်ပါတယ်၊ ဒါပေမဲ့ ဖောဝမ်းက သူ့အတွက် ပိုကောင်းမယ်လို့ ထင်တာပဲ၊ တိုင်းပြည်ကို ကြိုသတိပေးနေတာပေါ့လေလို့ ပြောလိုက်တော့ လူထုပရိသတ်က ပွဲကျသွားပါတယ်။

သမ္မတအိုဘားမားကလည်း သဘောကောင်းတဲ့ပုံစံမျိုး မဟုတ်တော့ဘဲ မစ် ရွမ်နေကို ပြောင်ပြောင်တင်းတင်း ပြောဆိုတိုက်ခိုက်တာတွေ ရှိလာပါပြီ။ စီးပွားရေးကို ကျွမ်းကျင်တဲ့ မစ် ရွမ်နေဟာ ချမ်းသာတဲ့ အမေရိကန်တွေကို အခွန်လျှော့ကောက်ဖို့နဲ့ ဘဏ်လုပ်ငန်းတွေကို စည်းမျဉ်းတွေ လျှော့ချဖို့ ကြိုးပမ်းလိမ့်မယ်လို့ လူထုကို ထောက်ပြပြီး ခြောက်လှန့်ပါတယ်။

စန္ဒီမုန်တိုင်းကြောင့် အမှတ်အများကြီး ရသွားခဲ့သူ

သမ္မတအိုဘားမားက ဝစ္စကွန်ဆင်ပြည်နယ်မှာ လူထုကို သူ့ကိုပဲ မဲပေးဖို့ အခုလို ပြောင်တရား ဟောခဲ့ပါတယ်။ သူ့ဦးဆောင်မှုနဲ့ အမေရိကန်ပြည်သူတွေ နောက်လေးနှစ် ထပ်သွားကြမယ်ဆို သူ့ကို ထောက်ခံပါ၊ သူ့ကို မဲထည့်ဖို့ တခြားမဲဆန္ဒရှင်တွေကိုလည်း ဖုန်းတွေခေါ်ဆိုလို့ စည်းရုံးပေးပါ၊ နိုဝင်ဘာ ၆ မဲပေးရမယ့် နေ့မှာလည်း မဲရုံသွားလို့ မဲပေးဖို့ ပြောပေးကြပါ၊ ဒီရွေးကောက်ပွဲမှာ တကြိမ်ထပ်နိုင်ရမယ်၊ အောင်ပွဲခံရမယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

သမ္မတအိုဘားမားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် အရှေ့ဘက်ကမ်းကို ဝင်ရောက်တိုက်ခတ်သွားပြီး ပျက်စီးမှုကြီးမားခဲ့တဲ့ လူပေါင်း ၉၀ ကျော်လည်း သေဆုံးခဲ့တဲ့ စန္ဒီမုန်တိုင်းမှာ ခေါင်းဆောင်မှုစွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။

အရင်က ရီပတ်ဘလေကန် ဖြစ်ခဲ့ပြီး၊ အခုတော့ ဘယ်ပါတီဝင်မှမဟုတ်တဲ့ နယူးယောက်မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘာ့ဂ်ကတောင် သမ္မတအိုဘားမားကို ထောက်ခံတဲ့အကြောင်း သဘောထား ထုတ်ပြန်ပေးခဲ့ပါတယ်။ စန္ဒီမုန်တိုင်းမှာ သမ္မတရဲ့ ဦးဆောင်မှုစွမ်းရည်ကို သဘောကျပြီး အမှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

စန္ဒီမုန်တိုင်းကြောင့် သမ္မတရွေးကောက်ပွဲ အဖြေထွက်ပြီး ဖြစ်တယ်လို့ မပြောနိုင်ပေမယ့်လို့ မုန်တိုင်းဒဏ်ကို အကြီးအကျယ်ခံလိုက်ရတဲ့ ပြည်နယ်တွေမှာတော့ သမ္မတအိုဘားမားနိုင်ပြီး ဖြစ်တယ်လို့ ပြောနိုင်ပေမယ့် ဘယ်သူ လာမယ့် နှစ်ဆန်းသမ္မတဖြစ်မလဲ ဆိုတာကော့ နိုဝင်ဘာ ၆ ကျမှပဲ အဖြေထွက်ပါလိမ့်မယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။