BBC navigation

နယူးယောက်ပြည်သူတွေကို အစိုးရ သတိပေး

နောက်ဆုံး ရေးသားချိန် 5 နိုဝင်ဘာလ 2012 - 01:11 GMT

ဓာတ်ဆီကိုတော့ ခွဲတမ်းနဲ့ပဲ ဝယ်ယူနေရပါသေးတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် အရှေ့ဘက်ကမ်းကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ စန္ဒီမုန်တိုင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို အမေရိကန်တွေ ခံရပါတော့မယ်။ နယူးယောက်က လူထုခေါင်းဆောင်တွေကတော့ စန္ဒီမုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တဲ့ ပြည်သူတွေကို အေးလာပြီဖြစ်တဲ့ ရာသီဥတုနဲ့စပ်ပြီး စိတ်ပူပန်စွာနဲ့ သတိပေးနေကြပါတယ်။

နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူး ကိုမိုက နေဖို့မသင့်တဲ့ အိမ်တွေမှာ နေနေကြတဲ့ ပြည်သူတွေအနေနဲ့ ရာသီဥတု သိပ်အေးလာရင် ဘယ်လိုမှ နေနိုင်ကြတော့မှာ မဟုတ်ဘူး၊ ပြည်သူတွေ အနေနဲ့ ကိုယ့်အိမ်ကိုယ့်ရာကို မစွန့်ခွာလိုကြတာကို နားလည်ပေမယ့် အအေးဒဏ်က လာတော့မယ်၊ သတိထားပါလို့ ပြောပါတယ်။

နယူးယောက်မှာက မနေ့က အပူချိန်က လေးဒီဂရီစင်တီဂရိတ်ပဲ ရှိပြီး၊ ဒီကနေ့ဆို အနုတ် တစ်ဒီဂရီလောက်အထိ ကျဆင်းမှာ ဖြစ်ပါတယ်။ နယူးယောက်ပြည်နယ် တခုထဲတင် ပြည်သူ ခုနစ်သိန်းကျော်ဟာ လျှပ်စစ်မီး မရှိဘဲနေကြရပြီး၊ နယူးယောက်မြို့တခုထဲတင် ပြည်သူ တသိန်းသုံးသောင်းကျော်မှာ လျှပ်စစ်မီး မသုံး နိုင်သေးပါဘူး။

အပျက်အစီးတွေကလည်း ရှိနေပါသေးတယ်။

နယူးယောက်မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘာ့ဂ်ကလည်း ပြည်သူတွေအနေနဲ့ ကိုယ့်အိမ်ကို ခင်မတွယ်ဘဲ မီးမရှိ၊ အပူပေးစနစ် မရှိရင် လုံခြုံရာကို သွားနေကြဖို့ တိုက်တွန်းနေပါတယ်။ သူက သိပ်အေးလို့ရှိရင် သေသွားကြလိမ့်မယ်၊ ကိုယ့်အိမ်က ထွက်မသွားချင်လို့ ထင်းမီးတွေ သုံးပြီး နွေးအောင် လုပ်မယ်၊ အလင်းရောင်အတွက် ဖယောင်းတိုင်တွေ ထွန်းမယ်ဆိုလည်း မီးထလောင်လို့ အသက်ဆုံးရှုံးနိုင်သေးတယ်လို့ ပြောပါတယ်။

မြို့တော်ဝန် အကြံပေးတာကတော့ ဘယ်သွားရမှန်းမသိရင် လမ်းပေါ်ထွက်လို့ ရဲကို မေးပါ၊ သူတို့ ကူပါလိမ့်မယ်၊ အနည်းဆုံးတော့ နွေးထွေး လုံခြုံတဲ့နေရာ၊ အစားအစာနဲ့ သောက်ရေရမယ့် နေရာတွေမှာ နေလို့ရအောင် စီစဉ်ပေးပါ့မယ်လို့ ပြောပါတယ်။

ဒါပေမဲ့ တကယ်တမ်းမှာ နယူးယောက် ပြည်သူတွေမှာလည်း သူ့အခက်အခဲနဲ့ သူပါ၊ မြို့ကြီးပြကြီး ဆိုတာက ကိုယ့်မိသားစုနဲ့ ကိုယ်ပဲ နေဖို့ အဆင်ပြေတာပါ။ နယူးယောက် မြို့ခံ ကိုနေတင်မြင့်ကတော့ ပြည်သူတွေက ကိုယ့်နေရာ၊ ကိုယ့်အခန်းမှာ ကိုယ့်မိသားစုနဲ့ ကိုယ်ဘာသာကိုယ်ပဲ အံကျနေချင် ကြတယ်လို့ ပြောပါတယ်။

တခြားနေရာတခု ရွှေ့ရမယ်ဆိုရင် အခက်အခဲတွေ ရှိတယ်၊ ဒါပေမဲ့လည်း လျှပ်စစ်မီး မရှိတော့ ချက်ပြုတ် စားသောက်ဖို့နဲ့ အအေးဒဏ် ခံနိုင်ဖို့ကလည်း ပြဿနာတခု ဖြစ်နေတယ်လို့ အဖြစ်မှန်ကို ဆက်ပြောပါတယ်။

စန္ဒီမုန်တိုင်းကြောင့် နယူးယောက် တမြို့တည်းတင် လူ ၄၀ အသက်ဆုံးရှုံးခဲ့ပြီး၊ မုန်တိုင်းဒဏ်ခံ ဒေသအားလုံးနဲ့ ဆိုရင်တော့ လူပေါင်း ၁၀၆ ဦး သေဆုံးခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူပေါင်း သုံးသောင်းနဲ့ လေးသောင်းကြားကတော့ နေစရာအိမ် လုံးဝမရှိတော့ပါဘူး။ နယူးယောက်ရဲ့ဘေးကပြည်နယ် နယူးဂျာစီမှာတော့ စန္ဒီမုန်တိုင်းကြောင့် ပြည်သူ တသန်းနီးပါးဟာ လျှပ်စစ်မီး မရှိဘဲ နေနေကြရသလို ဓာတ်ဆီကိုလည်း ခွဲတမ်းနဲ့ပဲ ဝယ်ယူ နေကြရပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။