BBC navigation

အမေရိကန် ရွေးကောက်ပွဲအတွက် မဲတွေစပေးပြီ

နောက်ဆုံး ရေးသားချိန် 6 နိုဝင်ဘာလ 2012 - 21:29 GMT
us_election_

မိုးထဲလေထဲ မဲပေးနေကြသူများ

အမေရိကန် ပြည်ထောင်စု မှာတော့ သမ္မတ ရွေးကောက်ပွဲ အတွက် မဲတွေ စပေးနေကြပြီ ဖြစ်ပါတယ်။

ဒီ တခေါက် ရွေးကောက်ပွဲမှာ တဘက်နဲ့ တဘက် သိပ်မကွာ ကြတဲ့ အတွက် ရီပတ်ပလစ်ကန် သမ္မတလောင်း မစ်ရွန်မနီက ရွေးကောက်ပွဲ အတွက် အဓိက ကျတဲ့ ပြည်နယ် တွေဖြစ်တဲ့ အိုဟိုင်းယိုးနဲ့ ပဲန်ဆီလ်ဗေးနီးယား ပြည်နယ် တွေမှာ မမျှော်လင့်ထားဘဲ ရောက်လာကာ စည်းရုံးမှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား ကတော့ သူ့ရဲ့ နောက်ဆုံး မဲဆွယ်ပွဲကို အိုင်အိုဝါ ပြည်နယ်မှာ တနင်္လာနေ့က လုပ်ခဲ့ပါတယ်။ နောက်ဆုံး ကောက်ယူထားတဲ့ စစ်တမ်း တွေထဲမှာတော့ မစ္စတာ အိုဘားမားဟာ အရေးကြီးတဲ့ ပြည်နယ် အတော်များများမှာ အသာရ နေတာကို တွေ့ရပေမယ့် တဘက်မှာလည်း မစ္စတာ ရွန်မနီကို ထောက်ခံကြသူတွေ ထင်ထားတာထက် ပိုထွက်ပြီး မဲလာပေးနိုင် တယ်လို့ ဆိုနေပါတယ်။

တခါ လူထု ဆန္ဒစစ်တမ်း ကောက်ယူရေး အဖွဲ့က ဂျွန်ဇော့ဂ်ဘီ ကတော့ အခုအချိန်မှာ လူကြိုက်များမှု တွေမှာ နှစ်ဦးစလုံး ၄၇ ရာခိုင်နှုန်းနဲ့ အတူတူ ဖြစ်နေကြကြောင်း၊ တခါ ပြည်နယ် အလိုက် ရမယ့် မဲတွေမှာတော့ သမ္မတ အိုဘားမားဘက်ကို နည်းနည်း ယိမ်းနေတာ တွေ့နေရကြောင်း ဒါပေမယ့်လည်း အဖြေသိဖို့ကတော့ မဲတွေအားလုံး ရေတွက် ပေးသည်အထိ စောင့်ရမယ်လို့ ထင်ကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။

ဒီနှစ် ကျင်းပပြုလုပ် တဲ့ ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးပွဲ တွေမှာ ဒေါ်လာ ဘီလီယံနဲ့ ချီပြီး သုံးစွဲ ခဲ့ကြလို့ အခု ရွေးကောက်ပွဲဟာဖြင့် သမိုင်း တလျှောက်မှာ ကုန်ကျ စားရိတ် အများဆုံး ရွေးကောက်ပွဲ ဖြစ်သွားပါတယ်။

ရုပ်မြင် ကဆင့် မဲဆွယ်တာတွေ အတွက်ကိုပဲ ဒေါ်လာ သန်း ၇၀၀ လောက် သုံးစွဲ ခဲ့ကြတယ်လို့ ဘီဘီစီ စီးပွားရေး ဆိုင်ရာ သတင်းထောက်က ပြောပါတယ်။

မဲနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိလာရင်လည်း ရက်အတော်ကြာအောင် ဖြေရှင်းရမှာ ဖြစ်လို့ အခုလို တဦးနဲ့ တဦး မတိမ်းမယိမ်း ရှိနေတဲ့ ဒီရွေးကောက်ပွဲ အတွက် အရေးကြုံလာရင် အသင့်ဖြစ်နေဖို့ ရှေ့နေတွေလည်း အများအပြား ငှားထားကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။