BBC navigation

မဲယိုင်နိုင်တဲ့ ပြည်နယ်ကိုးခု အဆုံးအဖြတ်ဖြစ်နိုင်

နောက်ဆုံး ရေးသားချိန် 6 နိုဝင်ဘာလ 2012 - 01:20 GMT
Obama Romney

အိုဘားမားလား ရွမ်နေလား

ဒီကနေ့ နိုဝင်ဘာ ၆ ရက်မှာ တကမ္ဘာလုံးက စိတ်ဝင်စားနေကြတဲ့ အမေရိကန် သမ္မတရွေး ကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ မနေ့ကတော့ လက်ရှိသမ္မတဘာရက် အိုဘားမားနဲ့ ပြိုင်ဘက် သမ္မတလောင်း ရီပတ်ဘလေကန် မစ် ရွမ်နီတို့ နောက်ဆုံး ရက်အဖြစ် ဟိုဘက်ဒီဘက် မဲအကူးအပြောင်းလွယ်တဲ့ ပြည်နယ်တွေမှာ အဓိက ထားပြီး အကြိတ်အနယ် မဲဆွယ်ခဲ့ကြပါတယ်။

သမ္မတအိုဘားမားဘက်က နာမည် ကျော် အနုပညာရှင်တွေ များစွာပါဝင် မဲဆွယ်ပေးခဲ့ကြပြီး ကမ္ဘာကျော် အဆိုတော် ဘရုစ် စပရင်း စတင်းကတော့ ဝစ္စကွန်ဆင်ပြည်နယ်မှာ လူထုကို ဖျော်ဖြေလို့ သမ္မတ မဲဆွယ်ဆောင်ပုဒ် ရှေ့သို့ ဖောဝပ်သီချင်းကို အတိုင်အဖောက်ညီညီနဲ့ သီဆိုခဲ့ပါတယ်။

အမေရိကန်တွေကို အရှက်ရစေတဲ့ အကြမ်းဖက်ခေါင်းဆောင် တာလီဘန် အိုစမာ ဘင်လာဒင်ကို ဖမ်းပေးသူလို့ အဆိုတော်ကြီးက တိုင်ပေးလိုက်တော့ လူထုက သမ္မတ ဆောင်ပုဒ် ရှေ့သို့ ရှေ့သို့လို့ လိုက်အော်ကြတာ ဖြစ်ပါတယ်။ သမ္မတ အိုဘား မားကိုယ်တိုင်ကတော့ သူဟာ ကတိတည်သူဖြစ်ကြောင်း လူထုကို ပြောပါတယ်။

သူဟာ ပြောသလို ဖြစ်အောင် လုပ်တဲ့သူ ဖြစ်တယ်၊ အီရတ်မှာ စစ်ပွဲကို အဆုံးသတ် လိုက်မယ်လို့ ပြောခဲ့တယ်၊ အဆုံးသတ်လိုက်တယ်။ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြောင်းပေးမယ်လို့ ပြောခဲ့တယ်၊ ဥပဒေထုတ်ပြန်လို့ ဆောင်ရွက် ပေးခဲ့တယ်လို့ သူအောင်မြင်မှုတွေ၊ ကတိစကားတွေကို ထုတ်ပြောလို့ သူကို နောက်ထပ် လေးနှစ် ထပ်မံတာဝန်ပေးအပ်ဖို့ သမ္မတအိုဘားမားက လူထုကို မဲဆွယ် ခဲ့ပါတယ်။

ပြိုင်ဘက် သမ္မတလောင်း မစ် ရွမ်နီကတော့ ဖလော်ရီဒါပြည်နယ်၊ နောက် ဗာဂျီးနီးယား၊ နယူး ဟမ်ရှိုင်းယားနဲ့ အိုဟိုင်းယိုးတို့ကို လှည့်လည်လို့ အပြင်းအထန် မဲဆွယ်စည်းရုံးပါတယ်။ သမ္မတလောင်းနှစ်ဦးရဲ့ မဲဆွယ် အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင် ကျော်ရှိပါတယ်။ နောက်ဆုံးစစ်တမ်းတွေအရလည်း သူမသာ ကိုယ်မသာ အနေအထားရှိပါတယ်။

မြန်မာစံတော်ချိန်နဲ့ဆိုရင်တော့ မနက်ဖြန်မှာ အဖြေထွက်မယ့် သမ္မတ ဘယ်သူဖြစ်မလဲ ဆိုတာဟာ မဲယိုင်တတ်တဲ့ ပြည်နယ် ကိုးခုက မဲရလဒ်တွေက စကားပြောသွားမှာ ဖြစ်ပါတယ်။ အိုဟိုင်းယိုးပြည်နယ်ကတော့ သမ္မတလောင်း နှစ်ဦးစလုံးအတွက် အနိုင်ရဖို့ သေရေးရှင်ရေး အရေးကြီးတဲ့ ပြည်နယ် ဖြစ်ပါတယ်။ မစ် ရွမ်နီဟာ ဒီကနေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ၄၅ ဦးမြောက် အမေရိကန် သမ္မတ ဖြစ်လာမှာပါ။

ပိုမိုကောင်းမွန်တဲ့ အနာဂတ်ခြေချော် တံခါးပေါက်ဟာ ပွင့်နေလေပြီ၊ ဖြတ်ကျော် ချင်းနင်းကြဖို့ စောင့်နေလေပြီ။ လူထုအကူအညီနဲ့ လူထုမဲကို လိုပါတယ်လို့ ရီပတ်ဘလေကန် သမ္မတလောင်း မစ် ရွမ်နေက ပြောလိုက်တော့ ထောက်ခံသူ လူထုကြီးက သဘောကျသွားပါတယ်။ မနက်ဖြန်ကို သစ်လွင်တဲ့ မနက်ဖြန်အဖြစ် စကြမယ်လို့ သူက ထပ်လောင်း ပြောလိုက်ပါတယ်။

သမ္မတ အိုဘားမားအတွက် မဲဆွယ်ပေးနေတဲ့ အဆိုတော်ကြီးကတော့ ရှေ့သို့ ရှေ့သို့လို့ပဲ လူထုနဲ့ အတိုင် အဖောက်ညီနေသေးတော့ ရှေ့သို့ဟာ သစ်လွင်တဲ့ မနက်ဖြန်လား၊ မနက်ဖြန်ဟာ ရှေ့သို့ချီလေးမလားဆိုတာကတော့ ခဏနေ အဖြေထွက်မှာမို့ မြန်မာတွေနဲ့အတူ တကမ္ဘာလုံးက စောင့်ကြည့်နေကြပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။