BBC navigation

မဲဆွယ်ပွဲ ရန်ပုံငွေတွေ ဘယ်ကလာလဲ

နောက်ဆုံး ရေးသားချိန် 7 နိုဝင်ဘာလ 2012 - 02:30 GMT
campaign

ရန်ပုံငွေတွေ မဲဆွယ် ကြော်ငြာဖို့ သုံးရ

အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေ အတွက် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ သန်း ၂၅ဝဝ လောက် ရှိမယ်လို့ ခန့်မှန်းရပြီး အမေရိကန် သမိုင်းမှာ အကုန်အကျ အများဆုံး မဲဆွယ် စည်းရုံးမှုတွေ လို့ ဆိုရမှာပါ။

ဒီငွေတွေ ဘယ်ကရသလဲ ဆိုတော့ အဓိက ၄ နေရာ က ရတာလို့ ပြောနိုင်ပါတယ် ။

ရီပတ်ဘလီကန် ပါတီနဲ့ ဒီမိုကရက် ပါတီ ကော်မီတီတွေ ကောက်ခံ စုဆောင်းခဲ့တဲ့ ပါတီ ရန်ပုံငွေတွေ ကနေ ရခဲ့တာ ဖြစ်ပြီး ရီပတ်ဘလီကန် ပါတီက ဒေါ်လာသန်း ၃၇၀ နီးပါး၊ ဒီမိုကရက် ပါတီက ဒေါ်လာ သန်း ၃၀၀ နီးပါး ရှာနိုင်ခဲ့ ကြပါတယ်။

နောက်တနေရာ ကတော့ သမ္မတလောင်းတွေ ကိုယ်တိုင် တဦးချင်းရှာတဲ့ ငွေတွေ ဖြစ်ပါတယ်။

မစ်ထ် ရွန်မနီ က ဒေါ်လာ သန်း၄၀၀ နီးပါး ရှာပေးနိုင်ခဲ့ပြီး ဘားရက် အိုဘားမားကတော့ ဒေါ်လာ သန်း ၆၄၀ လောက် ရှာပေးနိုင်ခဲ့ပါတယ်။

တခါ ဒေါ်လာ ၂၅ဝဝ အောက် လှူခဲ့ တဲ့ အမေရိကန် နိုင်ငံသား အလှူရှင် ပုဂ္ဂိုလ် တဦးချင်း ဆီက အလှူငွေတွေ ပေါင်းကလဲ ဒေါ်လာ သန်း ၇ဝဝ လောက် ရှိပါတယ်။

အဲဒီအပြင် သက်ဆိုင်ရာ အကျိုးစီးပွားတွေကိုကြည့်ပြီး ငွေတွေ ပုံအော ထည့်ဝင်တဲ့ အဖွဲ့အစည်းတွေ ဆီကလည်း ဒေါ်လာ သန်း၆၀၀ လောက် ရခဲ့ပါတယ်။

အဲဒီ အဖွဲ့အစည်းတွေ ကတော့ မဲဆွယ် စည်းရုံးမှု တွေမှာ ကိုယ်တိုင် ပါဝင်ခွင့် မရှိပါဘူး။

ရန်ပုံငွေ အများဆုံး ထည့်ဝင်ခဲ့သူကတော့ ရှေးရိုး စီးပွားရေး လူမှုရေး လုပ်ငန်းတွေကို အားပေးတဲ့ ကက်ဆီနို လုပ်ငန်းရှင် Sheldon Adelson ဖြစ်ပြီး ဒေါ်လာ ၅၄သန်း လှူဒါန်းခဲ့ပါတယ်။

တခြား ငွေပုံအော လှူခဲ့သူတွေကတော့ အမည်မဖော်ဘဲ လှူတဲ့ သူတွေ ဖြစ်ပါတယ်။

ဒီတော့ ဒီလောက်များတဲ့ ငွေတွေကို သမ္မတလောင်းတွေ ဘယ်နေရာတွေမှာ သုံးခဲ့သလဲ ဆိုရင် အကျိတ်အနယ် ပြိုင်ရတဲ့ ပြည်နယ်တွေမှာ မဲဆွယ် ကြော်ငြာတွေ အတွက် သုံးခဲ့တယ်လို့ ပြောရမှာပါ။

ပြီးခဲ့တဲ့လ ကဆိုရင် မဲဆွယ်တဲ့ ရုပ်မြင်သံကြား ကြော်ငြာပေါင်း ၃သိန်းလောက် ထုတ်လွှင့်ခဲ့တာ တွေ့ရပါတယ်။

အဲဒီအထဲမှာ သမ္မတ အိုဘားမားက ကြော်ငြာ တသိန်း ခြောက်သောင်း ထုတ်လွှင့်ခဲ့သလို မစ္စတာ ရွန်မနီ ကလည်း ကြော်ငြာ တသိန်း လေးသောင်းလောက် အပြိုင် လွှင့်ခဲ့ပါတယ်။

ဒီရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေအတွက် စုစုပေါင်း ကုန်ကျစရိတ်က နှစ်ဘီလျံခွဲ ကျခဲ့တယ် ဆိုတော့ တွက်ကြည့်လိုက်မယ် ဆိုရင် မဲတမဲ ရဖို့ ဒေါ်လာ ၂၀ လောက် သုံးခဲ့တယ်လို့ ပြောနိုင်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။