BBC navigation

Mitt Romney ဘာ့ကြောင့် ရှုံး

နောက်ဆုံး ရေးသားချိန် 8 နိုဝင်ဘာလ 2012 - 01:52 GMT
 romney

Romney အတွက် ပူပန်နေရတဲ့ အားပေးသူများ

၂၀၁၁ ခုနှစ်တုန်းက မက်ဆာချူးဆက်စ် ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney က သူ သမ္မတလောင်းအဖြစ် ဝင်ပြိုင်မယ်လို့ ထုတ်ဖေါ် ကြေညာရင်း ယိုယွင်းစ ပြုနေပြီ ဖြစ်တဲ့ အမေရိကန် နိုင်ငံကို သူ ပြန်ထူထောင်မယ်လို့ ဟစ်ကြွေး ခဲ့ပါတယ်။

အောင်မြင်တဲ့ စီးပွားရေးသမား Mitt Romney က သူဟာ သဘောတရားထက် လက်တွေ့ကို ဦးစားပေးသူ တဦးပါလို့ သူ့ကိုယ်သူ ဖေါ်ညွှန်း ပြောဆိုခဲ့ပါတယ်။

သူ့ရာဇဝင်ကို ပြန်ကြည့်မယ် ဆိုရင်တော့ ၂၀၀၂ ခုနှစ်မှာ ဆောင်းရာသီ အိုလံပစ် ပွဲတော်ကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မက်ဆာချူးဆက်စ် ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့ ချိန်တုန်းက ပြိုင်ဘက် ဒီမိုကရက်တ်စ်တွေနဲ့ အတူ လက်တွဲပြီး ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြုပြင် ပြောင်းလဲရေးအတွက် ဖိအားပေး ဆောင်ရွက်နိုင် ခဲ့တာကို တွေ့ရပါတယ်။

ရီပတ်ဘလီကန် ပါတီအတွက် သမ္မလောင်းအဖြစ် အကြိတ်အနယ် ယှဉ်ပြိုင်ပြီး အရွေးခံရ ခဲ့ပေမယ့် ပါတီ ညီလာခံမှာ ကောက်ခံခဲ့တဲ့ စစ်တမ်းတွေအရ ပါတီဝင်တွေက သူ့အပေါ် သိပ်ထောက်ခံ အားပေးတာမျိုး မတွေ့ခဲ့ရပါဘူး။

မဲဆွယ်စည်းရုံးစဉ် ကာလအတွင်း Mitt Romney ရဲ့ နှုတ်မစောင့်မှုကြောင့် ပြဿနာတက် ခဲ့ရတာမျိုးတွေ ရှိခဲ့ပါတယ်။

မဲဆန္ဒရှင် ပြည်သူ ၄၇ ရာခိုင်နှုန်းဟာ အစိုးရရဲ့ ပေးစာကမ်းစာနဲ့စားနေသူတွေ ဖြစ်တယ်လို့ ပရဟိတ ရန်ပုံငွေ ရှာပွဲတခုမှာ ပြောခဲ့မိလို့ သမ္မတ အိုဘားမား တို့ဘက်က Romney ဟာ အောက်ခြေနဲ့ ကင်းကွာနေတဲ့ သန်းကြွယ် သူဌေးသာ ဖြစ်တယ်၊ လူထုအကြောင်း ဘာမှ သိတဲ့သူ မဟုတ်ဘူးဆိုပြီး ပြောစရာ ရသွားခဲ့ပါတယ်။

အဲ ဒါပေမယ့် ပထမအကြိမ် သမ္မတလောင်း စကားစစ်ထိုးပွဲ မှာတော့ Mitt Romney တယောက် လူထုရဲ့ ထောက်ခံ အားပေးမှု ရခဲ့ပါတယ်။

အဲဒီ အချိန်တုန်းကတော့ သူ့ကို အောင်နိုင်သူ အဖြစ် ယူဆခဲ့ကြပါတယ်။

အောက်တိုဘာလ ကုန်ပိုင်းလောက်မှာတော့ Mitt Romney ဟာ သမ္မတ အိုဘားမားနဲ့ အပြိုင် ယှဉ်လာနိုင် တာကို တွေ့ရပြီး ရွေးကောက်ပွဲ အကြိုညမှာ သူတို့ နှစ်ဦး အကြား လူထု ထောက်ခံမှုဟာ မကြုံဖူး လောက်အောင်ကို ပွတ်ကာသီကာ အခြေအနေမျိုး ရောက်သွားခဲ့ပါတယ်။

တိုင်းပြည်မှာ အပြောင်းအလဲတွေ ဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ ဟစ်ကြွေးခဲ့တဲ့ Mitt Romney တယောက် အခုတော့ အရှုံးနဲ့ ရင်ဆိုင် သွားခဲ့ရပါပြီ။

ဒီမှာ မေးစရာ ရှိလာတာက သူ့ရဲ့ ရီပတ်ဘလီကန် ပါတီကရော ဘယ်လို ရှေ့ဆက်မလဲ ဆိုတာပါပဲ။

ရီပတ်ဘလီကန် ပါတီတွင်းမှာ အပြောင်းအလဲတွေ လုပ်ဖို့ ရှိပါတယ်။ ခေါင်းဆောင်ပိုင်းသစ် အတွက် ရွေးချယ် ခန့်ဖို့ ခေါင်းဆောင်သစ် တချို့လည်း ပါတီထဲမှာ ရှိနေပါတယ်လို့ ပါတီ နည်းဗျူဟာမှူး Ron Christie က ပြောပါတယ်။

ရီပတ်ဘလီကန် ပါတီအနေနဲ့ ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတ အိုဘားမားနဲ့ ကွန်ဂရက် လွှတ်တော်တွင်း ကနေ ဆက်ယှဉ်ပြိုင် တိုက်ပွဲ ဝင်သွားဖို့ သေချာပေမယ့် Mitt Romney တယောက်ကတော့ ဘေးကနေ ထိုင်ကြည့်သူ တဦး အဖြစ်ပဲ ရှိတော့မှာပါ။

သမ္မတဖြစ်ဖို့ သီသီလေး လွဲသွားခဲ့တဲ့ Mitt Romney အတွက် ကတော့ ဒါဟာ သူ့ရဲ့ နောက်ဆုံး အခွင့်အရေးလို့ ဆိုနိုင်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ နောက်တကြိမ် သမ္မတလောင်း ရွေးပွဲမှာ Mitt Romney ဝင်ပြိုင်ဖို့ လမ်းသိပ်မရှိတော့ တာကြောင့်လို့ ပြောရမှာပါ ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။