BBC navigation

သမ္မတအိုဘားမားကို ဘာကြောင့်ပြန်ရွေးကြလဲ

နောက်ဆုံး ရေးသားချိန် 7 နိုဝင်ဘာလ 2012 - 17:20 GMT
_obama.

အောင်ပွဲခံနေတဲ့ သမ္မတ အိုဘားမား မိသားစု

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ အိုဘားမား ပြန်လည် ရွေးချယ် ခံရလို့ ဒုတိယ ၄ နှစ် သက်တမ်း တာဝန် ထမ်းဆောင် တော့မှာ ဖြစ်ပါတယ်။

အခု ရွေးကောက်ပွဲမှာ သမ္မတ အိုဘားမား အနေနဲ့ မဲယိုင်တတ်တဲ့ ပြည်နယ်တွေရဲ့ မဲတွေနဲ့ နိုင်ခဲ့လို့ ကြည့်ရင် သိသိသာသာ ပြတ်နေတယ် ထင်ရပေမယ့် တကယ်တမ်းမှာ အဲဒီ ပြည်နယ်တွေမှာ သူဟာ ပြိုင်ဘက် မစ်ရွမ်မနီကို ပြတ်ပြတ် သားသား နိုင်ခဲ့တာမျိုး မဟုတ်ဘဲ ပွတ်ကာသီကာ နိုင်ခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို မဲမပေး ခဲ့သူတွေက အပြောင်းအလဲကို မြင်ချင်တဲ့ သူတွေ ဆိုတော့ ဒီလူတွေ အတွက် သမ္မတ အိုဘားမား ဘာတွေ လုပ်ပေး သွားရ မလဲ။

တခါ သူ့ကို မဲပေးခဲ့တဲ့ ပြည်သူတွေ ကရော ဘာကြောင့် ပြန်လည် ရွေးချယ် ခဲ့ကြသလဲ ဆိုတာ အမေရိကန် ပြည်ထောင်စု မေရီလန်း ပြည်နယ်က အမေရိကန် နိုင်ငံရေး လေ့လာသူ ဒေါက်တာ ကျော်စိန်ကို ဆက်သွယ်ပြီး သူ့ရဲ့ အမြင်ကို မေးမြန်း ကြည့်တော့ ပထမဆုံး သမ္မတ အိုဘားမားကို ရှေ့ လာမယ့် ၄ နှစ်မှာ ဘာတွေ ဆက်လုပ် ပေးသွား မလဲ ဆိုတာကို ကြည့်ပြီး ရွေးချယ် ခဲ့ကြတာ ဖြစ်တယ်လို့ ဖြေပါတယ်။

ဆက်လက်ပြီး သမ္မတ အိုဘားမားရဲ့ ပထမ သက်တမ်း ကုန်ခါနီးမှာ အလုပ်လက်မဲ့ ဦးရေ လျော့ကျ လာတာနဲ့ သမ္မတ ကိုယ်တိုင်က အပြောအဟော ကောင်း၊ မဲဆွယ်ကောင်း တာတွေလည်း ရှိလို့ အခုလို ပြန်လည် ရွေးချယ် ခဲ့ကြတာ လို့ ဆိုပါတယ်။

ဆက်လက်ပြီး အမေရိကန်မှာ ရီပတ်ပလစ်ကန် တွေနဲ့ ဒီမိုကရက် တွေအကြားမှာ နိုင်ငံရေး အယူအဆနဲ့ မူဝါဒတွေ ကွဲလွဲ နေကြတာ ကို တွေ့ရတဲ့ အကြောင်းနဲ့ ကွန်ဂရက် လွှတ်တော်မှာလည်း ရီပတ်ပလစ်ကန် တွေအင်အား ကောင်းနေတဲ့ အတွက်ကြောင့် ကွန်ဂရက်နဲ့လည်း ပူးပေါင်း ဆောင်ရွက်မှု တွေကို လုပ်သွားဖို့ လိုမယ် လို့လည်း ပြောပါတယ်။

တခါ အခွန် နှုန်းထားတွေ ကောက်ခံရာ မှာလည်း ဆင်းရဲ ချမ်းသာ လူတန်းစား မခွဲခြားဘဲ မျှတစွာနဲ့ ကောက်ခံ၊ အသုံးစရိတ် တွေကို ထိန်းထိန်း သိမ်းသိမ်းနဲ့ လျှော့မယ် ဆိုရင် တိုင်းပြည်အတွက် ကောင်းမယ်လို့ ယူဆတဲ့ အကြောင်းတွေကို ပြောကြား သွားခဲ့ပါတယ်။

ကွန်ဂရက် လွှတ်တော်မှာ ကြီးစိုးနေတဲ့ ရီပတ်ပလစ်ကန် အမတ် တွေကို ကျော်ဖြတ် နိုင်ဖို့ အတွက် ဆိုရင်တော့ ပြဿနာ တွေကြုံတိုင်း နှစ်ဘက် သဘောတူညီ နိုင်တဲ့ အချက်တွေကို အခြေခံပြီး သမ္မတ ဘက်က အတိုးအလျှော့ တွေလုပ်သွား ပေးဖို့ လိုမယ့် အကြောင်းနဲ့ နိုင်ငံရေး သဘောကွဲလွဲ နေကြတာတွေကို ရင်ကြားစေ့ သွားဖို့လည်း ဖြစ်နိုင်ကြောင်း တွေကို ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။