BBC navigation

အကျင့်ပျက်မှု တိုက်ဖျက်ရေး တရုတ်သမ္မတ သတိပေး

နောက်ဆုံး ရေးသားချိန် 8 နိုဝင်ဘာလ 2012 - 18:58 GMT

အာဏာ အလွဲသုံးစား လုပ်တာ လက်သိပ်ထိုး အခွင့် အရေးပေးတာတွေကို ခွင့်မပြုဘူးလို့ သမ္မတ ဟူက ပြော

တရုတ်နိုင်ငံက ၁၀ နှစ် တကြိမ် ရွေးချယ် လဲလှယ်တဲ့ တရုတ်ခေါင်းဆောင်သစ် အပြောင်းအလဲကို ရှေးရှုတဲ့ တရုတ် ကွန်မြူနစ်ပါတီ ညီလာခံကို နိုဝင်ဘာလ ၈ ရက်နေ့က စတင် ဖွင့်လှစ်လိုက်ခဲ့ပါတယ်။

ဒီညီလာခံကို တရုတ်သမ္မတ ဟူကျင်တောင် တက်ရောက်လို့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ကိုယ်စားလှယ် ၂၀၀၀ ကျော် တက်ရောက်တဲ့ ဒီညီလာခံမှာ အကျင့်ပျက် ခြစားတာ တွေကို မတိုက်ဖျက် နိုင်ရင် ပါတီ ကျဆုံးမယ်လို့ သတိ ကြီးကြီး ပေးလိုက်ပြီး၊ မှန်း မရနိုင်အောင် အခွင့် အလမ်းနဲ့ စိန်ခေါ်မှုတွေ များနေတဲ့ တရုတ်ပြည် အတွက် ရည်မှန်းချက် ကြီးကြီးထား ပိုကြိုးစား အလုပ် လုပ်ကြရမယ်လို့ သမ္မတဟူက ပြောပါတယ်။

ဘယ်အဖွဲ့ အစည်းနဲ့ ဘယ်သူ တဦး တယောက်မှ ပါတီ စည်းမျဉ်း စည်းကမ်း အထက်မှာ အခွင့်ထူးခံ အဖြစ် မရှိရဘူး။ အာဏာ အလွဲသုံးစား လုပ်တာ လက်သိပ်ထိုး အခွင့် အရေး ပေးတာ တွေကို ခွင့်မပြုဘူးလို့ သမ္မတ ဟူက ပြောသွားပါတယ်။

တရုတ်ပြည်ဟာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အောင်အောင် မြင်မြင် လုပ်ထား နိုင်ခဲ့ပြီမို့ ဒီတချီတော့ နိုင်ငံရေး အရ ပြုပြင် ပြောင်းလဲမှု တွေကို မြင်တွေ နိုင်ဖို့ ကမ္ဘာက စိတ်ဝင်စားနေ ပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုဆို တာက တမျိုးအဓိပ္ပာယ်ပါ၊ နိုင်ငံရေး စနစ် ပြုပြင် ပြောင်းလဲမှုနဲ့ ပြည်သူတွေ ဒီမိုကရေစီ အခွင့် အရေးတွေကို ပိုပြီး ပြည့်ပြည့်ဝဝ ခံစားခွင့် ရစေဖို့ လက်တွေ့ ကျပြီး အမြော် အမြင်ရှိရှိ ရှေ့တိုးလုပ်ဆောင်ရမယ်၊ ဒါမှသာ ပြည်သူတွေ အနေနဲ့ ပြုပြင် ပြောင်းလဲတဲ့ အခွင့် အရေးတွေကို ပြည့်ပြည့် ဝဝ ကျယ်ကျယ် ပြန့်ပြန့် ခံစား နိုင်မယ်လို့ သမ္မတ ဟူကျင်တောင်က ပြောပါတယ်။

ဆစ်ဒနီတက္ကသိုလ်က တရုတ် နိုင်ငံရေး ဆိုင်ရာ ပါမောက္ခ ကယ်ရီ ဘရောင်း ကတော့ တရုတ်သမ္မတ ဟူကျင်တောင်ရဲ့ သမ္မတသက်တမ်း ၁၀ နှစ်အတွင်းမှာ ဒါမျိုးစကားတွေကတော့ အမြဲကြားနေကြဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေး၊ လှပသော တရုတ်ပြည်ကို ဝိုင်းဝန်း တည်ဆောက် ကြပါစို့၊ တရုတ် အမျိုးသားရေး လက္ခဏာပေါ် အခြေတည်တဲ့ ဆိုရှယ်လစ် လမ်းကြောင်းပေါ်မှာ ခိုင်ခိုင် မြဲမြဲ ချီတက် ကြပါစို့ ဆိုတာမျိုးတွေပေါ့လို့ သူက ဆိုပါတယ်။

တရုတ်ပြည်သူ့ခန်းမကြီးမှာ ကျင်းပတဲ့ ဒီညီလာခံမှာ မစ္စတာဟူက တရုတ်ဟာ ပြည်တွင်းနဲ့ ကမ္ဘာ့ရေးရာ အပြောင်း အလဲ တွေကို ဟန်ချက်ညီ ထိန်းညှိ ဆောင်ရွက်ခဲ့ရ တယ်လို့တော့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဒီညီလာခံကို တပတ်ကြာ ကျင်းပမှာ ဖြစ်ပေမယ့်လို့ လာမယ့်ရက်တွေဟာ ဘာတွေ ဆက်လက် ဆွေးနွေးကြဖို့ ရှိတယ် ဆိုတာကိုတော့ ထုတ်ပြန် ထားတာမျိုး မရှိသေးပါဘူး။

အခုကျင်းပတဲ့ ညီလာခံကနေ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ တရုတ် ကွန်မြူနစ်ပါတီရဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းဖြစ်တဲ့ ပေါ်လစ်ဗျူရို ဦးဆောင် ကော်မတီ အသစ်ကို ရွေးချယ် ကြမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီကော်မတီအဖွဲ့ဝင် ကိုးဦးရှိပြီး၊ ဒီညီလာခံမှာတော့ သမ္မတ ဟူကျင်တောင်နဲ့ ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့က နှုတ်ထွက် ကြမယ်လို့ ယူဆရ ပါတယ်။

တခြားအဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ရှီကျင်ပင်းနဲ့ လီကွီကျင်းတို့ ကတော့ ပါတီ ခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်တွေ ဖြစ်လာပြီး၊ ရှီကျင်ပင်း ကတော့ လာမယ့် ၂၀၁၃ မတ်လမှာ တရုတ် ပြည်ရဲ့ သမ္မတ အသစ် ဖြစ်လာ မယ်လို့ ခန့်မှန်းရ ပါတယ်။


ဘီဘီစီ တရုတ်ဌာနရဲ့ ဌာနမှူး ကတော့ တရုတ်ပြည်က ဆိုရှယ် ဝက်ဘ်ဆိုက်တွေမှာ မနေ့ ကတော့ အမေရိကန် ရွေးကောက်ပွဲ အကြောင်းတွေ ဝေဝေ ဆာဆာ ဆွေးနွေးခဲ့ ကြပေမယ့်လို့ ဒီကနေ့ စတင် လိုက်တဲ့ တရုတ် ကွန်မြူနစ် ပါတီ ညီလာခံ အကြောင်းကိုတော့ နည်းနည်း ပါးပါးပဲ ဆွေးနွေး ကြတာမျိုး တွေ့ရ တယ်လို့ ပြောပါတယ်။

နောက်ပြီး အွန်လိုင်းမှာ ကွန်မြူနစ် ပါတီ ညီလာခံ အကြောင်း ရှာလိုက်ရင် အစိုးရ မီဒီယာတွေက ရေးတဲ့ သတင်းတွေပဲ ထုတ်ပေးတာမျိုး ရှိတာမို့ ဝေဖန် ထားတာတွေကို မဖတ်ရ တော့ဘဲ ဆင်ဆာ လုပ်ထားတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။