BBC navigation

ဗြိတိန်က အိန္ဒိယကို ပေးတဲ့ အကူ အညီ ရပ်မယ်

နောက်ဆုံး ရေးသားချိန် 9 နိုဝင်ဘာလ 2012 - 16:42 GMT
Poor People in India

အိန္ဒိယ ဆင်းရဲသား လူဦးရေဟာ အာဖရိက တတိုက် လုံးက ဆင်းရဲသား ဦးရေနဲ့ တူညီ

ဗြိတိန် နိုင်ငံ အစိုးရက အိန္ဒိယ နိုင်ငံကို ဘဏ္ဍာရေး အကူအညီ ထပ်မံ မပေး တော့ဘူးလို့ ကြေညာလိုက် ပါတယ်။

အိန္ဒိယ နိုင်ငံက ပိုမို ချမ်းသာ ကြွယ်ဝ လာနေပြီ ဖြစ်တဲ့ အတွက် ဗြိတိန်ရဲ့ ကိုလိုနီ ဖြစ်ခဲ့ဖူးတဲ့ အိန္ဒိယကို ဖွံ့ဖြိုး တိုးတက်ရေး အကူအညီ တွေပေးတဲ့ ကိစ္စဟာ ဗြိတိန် နိုင်ငံမှာ အငြင်းပွား စရာ ဖြစ်နေခဲ့ ပါတယ်။

အခုချိန်ကစပြီး ၂၀၁၅ ခုအတွင်း မှာတင် အိန္ဒိယ နိုင်ငံအပေါ် ပေးနေတဲ့ အကူ အညီတွေကို တဖြည်းဖြည်းချင်း ဆိုင်းငံ့ပြီး ဒေါ်လာ သန်း ၃၂၀လောက် ထွက်လာမှာပါ။ အဲဒီနောက် ဗြိတိန် အစိုးရ အနေနဲ့ အိန္ဒိယနိုင်ငံအပေါ် နည်းပညာ အကူအညီ ပေးရေးကို အဓိက အာရုံစိုက် လုပ်သွားမှာ ဖြစ်ပါတယ်။

ဒီလို လုပ်တာဟာ အိန္ဒိယနိုင်ငံမှာ စီးပွားရေး အခြေအနေ အဆင့်အတန်း တိုးတက် လာတာကြောင့် ဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကို ဗြိတိသျှ ပါလီမန် အမတ် တွေကလည်း ထောက်ခံ အားပေး ခဲ့ကြ တယ်လို့ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဗြိတိန် ဝန်ကြီး ဂျပ်စတင်း ဂရီးနင်းက Justine Greening က ပြောပါတယ်။

မနှစ်က အထိ အိန္ဒိယ နိုင်ငံဟာ ဗြိတိန်ရဲ့ အထောက် အပံ့ အများဆုံး ရတဲ့ နိုင်ငံ ဖြစ်ခဲ့ပြီး တိုက်ရိုက် ဘဏ္ဍာရေး အကူအညီ တနှစ်ကို စတာလင် ပေါင် ၂၂၇ သန်း ကို ၃ နှစ် ဆက်တိုက် ရခဲ့ ပါတယ်။

ဗြိတိန် အစိုးရက အခုလို အထောက်အပံ့တွေ မပေးတော့ဘူးလို့ ထုတ်ဖေါ် ကြေညာ လိုက်တာဟာ အိန္ဒိယ အစိုးရ အတွက် ကတော့ အံ့သြ တကြီး သိပ်မဖြစ် လှပဲ ဒီလို လုပ်မယ် ဆိုတာ အစောကြီး ကတည်းက မျှော်လင့် ထားခဲ့ တာပါ။

အိန္ဒိယ အစိုးရ အနေနဲ့ နိုင်ငံခြားက သူတို့ သဘော ဆန္ဒအလျောက် အကူ အညီတွေ ပေးမယ် ဆိုရင် လိုလို လားလား ယူဖို့ အဆင်သင့် ရှိပေမဲ့ သူတို့ဘက်က စပြီး အကူအညီ တောင်းခံ ခဲ့တာမျိုး ဘယ်တုန်း ကမှ မရှိခဲ့ပါဘူး။

အခုဆိုရင် အိန္ဒိယ နိုင်ငံဟာ ဗြိတိန် နိုင်ငံမှာ တတိယ အကြီးဆုံး ရင်းနှီး မြှုပ်နှံတဲ့ နိုင်ငံ ဖြစ်ပြီး EU ဥရောပ သမဂ္ဂ နိုင်ငံ တွေရဲ့ ပြင်ပမှာ ဆိုရင် ဗြိတိန် နိုင်ငံရဲ့ အကြီးဆုံး စျေးကွက် နိုင်ငံ ဖြစ် ပါတယ်။

ဒါပေမဲ့ ဗြိတိန်က ပေးနေတဲ့ အထောက် အပံ့ အကူ အညီတွေဟာ အိန္ဒိယ နိုင်ငံရဲ့ အဆင်းရဲဆုံး ဒေသ တချို့က စီမံကိန်း တွေမှာ အကူ အညီပေးဖို့ အသုံးပြု နေတာဖြစ်ပြီး အခုလို အထောက် အပံ့တွေ ရပ်ဆိုင်း လိုက်တဲ့အတွက် အဲဒီ ဒေသက ဆင်းရဲသားတွေ ထိခိုက် နစ်နာမှုတွေ ရှိလာ မှာကို တချို့က စိုးရိမ် နေကြ ပါတယ်။

အိန္ဒိယမှာ ရှိတဲ့ ဆင်းရဲသူ လူဦးရေဟာ အာဖရိက တိုက် တစ်ခုလုံးမှာ ရှိနေကြတဲ့ ဆင်းရဲ မွဲတေသူ ဦးရေလောက် ရှိနေ သေးတဲ့ အတွက် အကူ အညီတွေ ဖြတ်တောက်ဖို့ စောလွန်း သေးတယ်လို့ ထိပ်တန်း ပရဟိတ ရန်ပုံငွေ အဖွဲ့ တွေက ပြောနေကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။