BBC navigation

စီအိုင်အေ ညွှန်မှူး ရာထူးက နှုတ်ထွက်

နောက်ဆုံး ရေးသားချိန် 9 နိုဝင်ဘာလ 2012 - 22:32 GMT

စီအိုင်အေ ညွှန်ကြားရေးမှူး David Petraeus

စီအိုင်အေ အမေရိကန် ဗဟိုထောက်လှမ်းရေး အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီး David Petraeus ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါပြီ။

ဗိုလ်ချုပ်ကြီး ပီးထရီးယပ်ဟာ အီရတ်နဲ့ အာဖဂန်က နိုင်ငံတကာ တပ်ဖွဲ့တွေကို ဦးဆောင်ခဲ့ပြီးတဲ့နောက် ၂၀၁၁ ခု စက်တင်ဘာလမှာ စီအိုင်အေ အကြီးအကဲ ဖြစ်လာခဲ့တာပါ။

သူဟာ အိုဘားမား သမ္မတအဖြစ် ပြန်အရွေးခံရပြီး ၃ ရက် အကြာ ကြာသပတေးနေ့က သူရဲ့ နှုတ်ထွက်လွှာကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

သူရဲ့ နှုတ်ထွက်လွှာထဲမှာ သူရဲ့ ပုဂ္ဂိုလ်ရေးကိစ္စကြောင့် အခုလိုနှုတ်ထွက်တာပါလို့ ဖေါ်ပြထားပါတယ်။ အိမ်ထောင်သက် ၃၇ နှစ် ကြာခဲ့ပြီးတဲ့နောက် အိမ်ထောင် ပြင်ပ အရှုပ်တော်ပုံ ဇာတ်လမ်းတခု ဖြစ်ခဲ့တာကြောင့် သူရဲ့ အပြုအမူဟာ ခင်ပွန်းသည် တယောက်၊ စီအိုင်အေလို အဖွဲ့အစည်းကို ဦးဆောင်သူ အနေနဲ့ ဆက်လက် ထမ်းဆောင်ဖို့ မသင့်တော့ဘူးလို့ ဆိုပါတယ်။

သမ္မတ အိုဘားမားက သောကြာနေ့မှာ သူရဲ့နှုတ်ထွက်လွှာကို လက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒေးဗစ် ပီးထရီးယပ် ဟာ အမေရိကန် ပြည်ထောင်စု အတွက် ၁၀ စုနှစ် များစွာ ထူးထူးခြားခြား တာဝန် ထမ်းဆောင်ခဲ့သူ၊ အမေရိကန် စစ်တပ်ကို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နိုင်အောင် ကူညီခဲ့သူ၊ အီရတ်နဲ့ အာဖဂန်က စစ်ပွဲတွေ အတွင်း အမေရိကန် တပ်ဖွဲ့တွေကို ရွတ်ရွတ်ချွံချွံ ဦးဆောင်ခဲ့သူလို့ သမ္မတ အိုဘားမားရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

စီအိုင်အေ ညွန်ကြားရေးမှူးအဖြစ် တာဝန် ဆက်ထမ်းရာမှာလည်း မျိုးချစ်စိတ်နဲ့ တာဝန်ကို အလေးထား အာရုံစိုက် ဆောင်ရွက်ခဲ့သူ လို့ ဆိုပါတယ်။

အခုလို ခက်ခဲတဲ့အချိန်မှာ ဒေးဗစ် ပီးထရီးယပ်နဲ့ ဇနီးသည်တို့ အကောင်းဆုံး အဆင်ပြေအောင် ညှိနှိုင်း ဆောင်ရွက် နိုင်ပါစေလို့ သမ္မတ အိုဘားမားက ဆန္ဒပြုခဲ့ပါတယ်။

ဆီးနိတ် လွှတ်တော်အမတ် ဂျွန်မက်ကိန်းကလည်း မစ္စတာ ပီးထရီးယပ်ကို အကြီးကျယ်ဆုံး စစ်သူရဲကောင်း တန်းဝင်သူလို့ ခေါ်ဝေါ် ချီးကျူးခဲ့ပါတယ်။

အခု လောလောဆယ်မှာ စီအိုင်အေ ဒုတိယ ညွှန်ကြားရေးမှူး မိုင်ကယ် မိုရဲလ် က ယာယီ ညွှန်ကြားရေးမှူး တာဝန်ယူမယ်လို့ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။

ဒါပေမယ့် သမ္မတ အိုဘားမားက စီအိုင်အေ ညွှန်ကြားရေးမှူး အသစ် အမည်စာရင်း တင်သွင်းပြီး ဆီးနိတ် လွှတ်တော် အတည်ပြုချက်နဲ့ ခန့်အပ်ရမှာဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။