BBC navigation

ဘီဘီစီ ညွှန်ချုပ် ရာထူးက နုတ်ထွက်

နောက်ဆုံး ရေးသားချိန် 10 နိုဝင်ဘာလ 2012 - 21:51 GMT
bbc_dg_entwistle

ရာထူးကနေ နုတ်ထွက်သွားခဲ့တဲ့ ဘီဘီစီ ညွှန်ချုပ် Geroge Entwistle (လက်ဝဲဘက်)

ဘီဘီစီရဲ့ ညွှန်ကြားရေးမှူးချုပ် George Entwistle ဟာ ရာထူးကနေ နုတ်ထွက် သွားပါတယ်။

ဘီဘီစီရဲ့ ပြည်တွင်းရုပ်မြင်သံကြား အစီအစဉ် တခု ဖြစ်တဲ့ သတင်းနဲ့ မျက်မှောက်ရေးရာ တွေကို ထုတ်လွှင့်ပြသတဲ့ Newsnight အစီအစဉ်က ဗြိတိသျှ နိုင်ငံရေး သမားဟောင်း တဦးကို ကလေးသူငယ် တွေကို မဖွယ်မရာ ပြုကျင့် ခဲ့တယ် လို့ မှားယွင်းစွာ စွပ်စွဲ ထားတဲ့ ရုပ်မြင်သံကြား သတင်းကို ထုတ်လွှင့် ပြသခဲ့ တာနဲ့ ပတ်သက်လို့ တာဝန်ရှိသူ တဦး အဖြစ်နဲ့ ရာထူးကနေ နုတ်ထွက် သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ Newsnight မှာ ပြသသွားတဲ့ သတင်းထဲမှာ ဝေလနယ်ထဲ မှာရှိတဲ့ ကလေးသူငယ် တွေကို စောင့်ရှောက် ထားတဲ့ ဂေဟာမှာ ကလေးသူငယ် တွေကို မဖွယ်မရာ ပြုကျင့် တာတွေ ဖြစ်ခဲ့ကြောင်း အဲဒီတုန်းက ပြုကျင့် ခံခဲ့ရတဲ့ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး သူ့ကို ပြုကျင့် ခဲ့သူ တဦးဟာ ကွန်ဆာဗေးတစ် ပါတီက နိုင်ငံရေး သမား တဦး ဖြစ်တယ်လို့ စွပ်စွဲ ပြောဆို ထားတာ ဖြစ်ပါတယ်။

ဘယ်သူဘယ်ဝါ ဆိုတာကို နာမည်နဲ့ တကွ ပြောကြားခဲ့ခြင်း မရှိပေမယ့် အဲဒီလူဟာ Lord McAlpine ဆိုပြီး အင်တာနက်ပေါ်မှာ ခန့်မှန်း ပြောဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် မကြာခင်မှာပဲ အဲဒီ ပြုကျင့် ခံခဲ့ ရသူက သူ့ကို ပြုကျင့်ခဲ့တာ အဲဒီ Lord McAlpine မဟုတ်ဘူး ဆိုပြီး ပြောကြား တောင်းပန် ခဲ့ပါတယ်။

အဲဒီလို မှားယွင်းစွာ စွပ်စွဲထားတဲ့ ရုပ်မြင်သံကြား သတင်းကို ထုတ်လွှင့် ပြသခဲ့မှုနဲ့ ပတ်သက်ပြီး ဘီဘီစီဟာ ပြင်းထန်စွာ ဝေဖန်ပြစ်တင် ခံနေရတာ ဖြစ်ပါတယ်။

ရာထူးက နုတ်ထွက်သွား ခဲ့တဲ့ ဘီဘီစီ ညွှန်ကြားရေးမှူးချုပ်က ဒီအစီအစဉ်ကို ထုတ်လွှင့် ပြသခဲ့ဖို့ မသင့်ဘူးလို့ ဆိုခဲ့ပြီး ဒါကြောင့် ဘီဘီစီ အပေါ် ထားရှိတဲ့ လူထုရဲ့ ယုံကြည်မှုတွေကို လျော့နည်း စေကုန်မှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အခုတော့ အဲဒီ အစီအစဉ် ထုတ်လွှင့်ခဲ့ တာနဲ့ ပတ်သက်ပြီး ဘီဘီစီရဲ့ ညွှန်ကြားရေးမှူးချုပ်က တဘက်မှာလည်း သူဟာ ဘီဘီစီရဲ့ အယ်ဒီတာချုပ် ဖြစ်တဲ့ အတွက် သူ့မှာ တာဝန်ရှိတယ် ဆိုပြီး ရာထူးကနေ နုတ်ထွက် သွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ကမှ ဘီဘီစီရဲ့ ညွှန်ကြားရေးမှူးချုပ် တာဝန်ကို ထမ်းဆောင် ခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ Newsnight အစီအစဉ် ဟာ မကြာသေးခင် ကလည်း အရင် ဘီဘီစီရဲ့ နာမည်ကျော် ဖျော်ဖြေ တင်ဆက်သူ Jimmy Savile က ကလေးသူငယ်တွေကို မဖွယ်မရာ ပြုကျင့် ခဲ့တာတွေကို စုံစမ်း ထားခဲ့တဲ့ အစီအစဉ်ကို မထုတ်လွှင့်ခဲ့တဲ့ အတွက် ဝေဖန်ပြစ်တင် ခံနေခဲ့ ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။