BBC navigation

ဘီဘီစီရဲ့ စီမံအုပ်ချုပ်မှုနဲ့ ဖွဲ့စည်းပုံကို ပြုပြင်မယ်

နောက်ဆုံး ရေးသားချိန် 11 နိုဝင်ဘာလ 2012 - 11:22 GMT

အရင်နဲ့ မတူ ကွဲပြားမှုရှိတဲ့ ဘီဘီစီ ဖြစ်လာဖို့ ကိုလည်း သူ မျှော်လင့်တယ်လို့ ပြောပါတယ်

ဘီဘီစီရဲ့ စီမံအုပ်ချုပ်မှုနဲ့ ဖွဲ့စည်းပုံ တခုလုံးကို ထိထိရောက်ရောက် ပြုပြင် ဆောင်ရွက်ဖို့ လိုအပ် နေပြီလို့ ဘီဘီစီ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ Lord Patten ပြောကြားလိုက် ပါတယ်။

ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် George Entwistle ရာထူးက နှုတ်ထွက် သွားပြီးနောက်မှာ မစ္စတာ Patten က နာမည်ကြီး အင်ဒရူးမား အစီအစဉ်မှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ Patten က သူ့အနေနဲ့ ဥက္ကဌ ရာထူး နေရာမှာ ဆက်လက် တာဝန်ယူကာ၊ ဘီဘီစီ အပေါ် ယုံကြည်မှု ပြန်ရ လာစေဖို့နဲ့ လစ်လပ်သွားတဲ့ ညွှန်ကြားရေးမှူးချုပ် နေရာကို အလျင်အမြန် ခန့်အပ် နိုင်ဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ပြောပါ တယ်။

နောက်ပြီး အခု အကျပ်အတည်းကနေ ဖေါက်ထွက်ကာ အရင်နဲ့ မတူ ကွဲပြားမှုရှိတဲ့ ဘီဘီစီ ဖြစ်လာဖို့ ကိုလည်း သူ မျှော်လင့်တယ်လို့ ပြောပါတယ်။

တကယ်လို့ ပရိသတ်ရဲ့ ယုံကြည်မှု မရတော့ရင် ဒီအဖွဲ့ကြီး ရပ်တည် နိုင်တော့မှာ မဟုတ်ဘူးလို့ သူကဆိုပါတယ်။ ဒါပေမယ့် ဗြိတိန်ပြည်သူတွေ ကတော့ ဒီအဖွဲ့ကြီး ရပ်ဆိုင်း သွားမှာကို လိုလားမယ်လို့ သူမယုံကြည်ကြောင်း ပြောပါတယ်။

ဗြိတိသျှ ပြည်သူတွေ ကတော့ ဘီဘီစီ သတင်းဌာနကြီးရဲ့ အဆင့် အတန်းတွေ ပြန်ပြီး မြှင့်တင် နိုင်အောင် ယုံကြည်မှု ပြန်တည်ဆောက် တာဘဲ လိုချင်မှာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

ဗြိတိသျှ နိုင်ငံရေး သမားဟောင်း တဦးဟာ ကလေးတွေကို လိင်မှုဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့မှုမှာ ပါဝင် ပတ်သက်နေတယ် ဆိုပြီး၊ ဘီဘီစီ Newsnight ရုပ်သံ အစီအစဉ် ကနေ၊ မှားယွင်းစွာ ဖေါ်ပြခဲ့တာကြောင့် ညွှန်ကြားရေးမှူးချုပ် မစ္စတာ Entwistle ဟာ သူ့မှာ တာဝန်ရှိတဲ့အတွက် ရာထူးက နှုတ်ထွက်သွားတာ ဖြစ်ပါတယ်။

မစ္စတာ Patten ဟာ အဖွဲ့ဝင် ၁၂ ယောက် ပါတဲ့ အုပ်ချုပ်ရေး အဖွဲ့ရဲ့ ဥက္ကဌ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဘီဘီစီက အများပြည်သူ အတွက် သတင်း ဖြန့်ရေး၊ ပညာပေးရေးနဲ့ ဖျော်ဖြေရေး ဆိုတဲ့ ရည်မှန်းချက် အောင်မြင်အောင် လုပ်ပေးတဲ့ သီးခြား လွတ်လပ်တဲ့ အဖွဲ့ ဖြစ်ပါတယ်။

လူထုက ဘီဘီစီ အပေါ် ယုံကြည် လေးစားမှု ရှိအောင် လိုင်စင်ခကို လက်ခံထားပြီး ကြီးကြပ် ဆောင်ရွက်ရပါတယ်။ ဒီအဖွဲ့ဟာ အယ်ဒီတာ ကျင့်ဝတ် အပါအဝင် နေ့စဉ် ထုတ်လုပ် မှုတွေ ဆောင်ရွက်တဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ သီးသန့် ဖြစ်ပြီး မူဝါဒတွေကို စီမံ ခန့်ခွဲတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။