BBC navigation

ဘီဘီစီ အကြီးအကျယ် ပြောင်းလဲဖို့လိုပြီ

နောက်ဆုံး ရေးသားချိန် 12 နိုဝင်ဘာလ 2012 - 01:16 GMT

ဘီဘီစီရဲ့ ယာယီ ညွှန်ကြားရေးမှူးချုပ် တင်မ် ဒေဗီ

ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် အန်း ဝစ္စတဲလ် နုတ်ထွက်သွားပြီးနောက် ညွှန်ကြားရေးမှူးချုပ်သစ် အဖြစ် တင်မ် ဒေဗီက ယာယီတာဝန်ယူလိုက်ပါတယ်။

ဘီဘီစီရဲ့ အုပ်ချုပ်ရေးပိုင်းဖြစ်တဲ့ ဘီဘီစီ ထရက်စ်ရဲ့ ဥက္ကဌ လော့ဒ် ပက်တန်က ညွှန်ကြားရေးမှူးချုပ် နုတ်ထွက်ပြီးနောက်မှာ ဘီဘီစီရဲ့ ဖွဲ့စည်းပုံကို လုံးဝကို အသစ်ပုံစံဖြစ်သွားအောင် ပြင်ဆင်ဖို့ လိုပြီလို့ ထုတ်ပြောလိုက်ပါတယ်။

ယာယီ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာတဲ့ တင်မ် ဒေဗီဟာ ဘီဘီစီကို သူ့ဆက်လက် ဦးဆောင်မယ့် အစီအစဉ်တွေကို ဒီကနေ့ ထုတ်ပြန်ဖို့ ရှိနေပါတယ်။

နုတ်ထွက်သွားခဲ့တဲ့ ညွှန်ကြားရေးမှူးချုပ်ကတော့ စာချုပ်အရဆို လစာ ခြောက်လစာပဲ ရဖို့ ရှိပေမယ့်လို့ အခုတော့ တနှစ်စာ ပေါင်ငွေ လေးသိန်းခွဲ ရမယ်လို့ ဘီဘီစီအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

နုတ်ထွက်သွားတဲ့ ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် ဂျော့ အန်းဝစ္စတဲလ်ဟာ တကယ်တော့ အဲဒီရာထူးမှာ ၅၄ ရက်သာ တာဝန်ထမ်းဆောင်ရပါသေးတယ်။

ပြည်ထဲရေးဝန်ကြီး ထရီဇာ မေက ဘီဘီစီဂျာနယ်လစ်ဇင် အရည်အသွေးကို မေးခွန်းထုတ်တာလို့ ပြောပါတယ်။

ဘီဘီစီရဲ့ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ လော့ဒ် ပက်တန်ကတော့ သူ့ ညွှန်ကြားရေးမှူးချုပ်ဟောင်းကို တော်တယ်၊ ရိုးတယ်၊ လုပ်ရဲကိုင်ရဲတယ်လို့ ချီးကျူးပါတယ်။ ဒါပေမဲ့ ဘီဘီစီဟာ လုံးလုံး ပုံစံပြောင်းရတော့မယ်၊ ဒီနေ့ခေတ်လို မာလ်တီမီဒီယာ သွားနေတဲ့ အချိန်မှာ ဘီဘီစီလို အဖွဲ့အစည်းကြီးကို ညွှန်ကြားရေးမှူးချုပ် တယောက်ထဲရဲ့ ခေါင်းတခုထဲနဲ့ သွားနေလို့ မရတော့ဘူးလို့ လော့ဒ် ပက်တန်က ပြောပါတယ်။

အငြင်းထွက်စရာ တခုရှိတာက အဖွဲ့အစည်းတခုမှာ ခေါင်းဆောင်မရှိလို့ မဖြစ်သလို ဘီဘီစီလို အဖွဲ့အစည်းမှာဆိုရင် ညွှန်ကြားရေးမှူးချုပ်နဲ့ အဖွဲ့အစည်းတခုလုံးရဲ့ ဆက်ဆံရေး၊ အဲဒီမှာမှ အယ်ဒီတာပိုင်းဆိုင်ရာ လွတ်လပ်ခွင့်နဲ့ ဖန်တီး ထိုးထွက် တင်ဆက်မှုတွေလည်း ရှိဖို့လိုတာမို့ ဘယ်သူပဲ ညွှန်ကြားရေးမှူးချုပ်ဖြစ်ဖြစ် သူ့ကို ကူဖို့လိုနေပြီဆိုတာကတော့ သေချာပါတယ်လို့ လော့ဒ်ပက်တန်က ပြောပါတယ်။

ဘာလိုပဲဖြစ်ဖြစ် ဘီဘီစီဆိုတာက နှစ်ပေါင်းများစွာ ဂုဏ်သတင်းကြီးတဲ့ သတင်းဌာနကြီး တခုဖြစ်ပြီး တကမ္ဘာလုံးရဲ့ ယုံကြည်ကိုးစားမှုကိုလည်း ခံခဲ့ရပါတယ်။ ပြည်ထဲရေးဝန်ကြီး ထရီဇာ မေကတော့ ညွှန်ကြားရေးမှူးချုပ် အနေနဲ့ အခုလို တာဝန်ယူ နုတ်ထွက်လိုက်တာ ကောင်းတယ်၊ ဒါဟာ ပရိသတ်တွေရဲ့ ယုံကြည်ကိုးစားမှုနဲ့ ဆိုင်တဲ့ အလွန်အရေးကြီးတဲ့ ပြဿနာတရပ်ဖြစ်တယ်လို့ ပြောပါတယ်။

ဘီဘီစီဟာ ကိုယ့်စွမ်းအားကို ပြဖို့လိုတယ်လို့ ဝန်ကြီးချုပ်က ပြောကြောင်း ဝန်ကြီးချုပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဘီဘီစီဟာ ဗြိတိန်နိုင်ငံအတွက် ဂုဏ်ယူစရာ ထင်ရှားတဲ့ အဖွဲ့အစည်းကြီး ဖြစ်သလို ကမ္ဘာ့သိ သတင်းဌာန ကြီးလည်း ဖြစ်ပါတယ်။ အခုဖြစ်ခဲ့တဲ့ ပြဿနာက ဂျာနယ်လစ်ဇင်အရည်အသွေးကို မေးခွန်းထုတ်ဆင့်လိုက် သလို ဖြစ်နေ ပါတယ်။ ဂျာနယ်လစ်ဇင် အရည်အသွေးပြည့်ဖို့လိုတဲ့ ကိစ္စဟာ ဘီဘီစီရဲ့ နှလုံးသည်းပွတ်ဖြစ်ပါ တယ်လို့ ပြည်ထဲရေး ဝန်ကြီး ထရီဇာမေက ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ရုံးဘက်က လာတဲ့ သတင်းတွေမှာလည်း ဝန်ကြီးချုပ်ဟာ လက်ရှိ ဘီဘီစီ ရင်ဆိုင်နေရတဲ့ အခက်အခဲဟာ အလွန်အရေးကြီးတဲ့ ပြဿနာဖြစ်ပြီး၊ ဘီဘီစီအနေနဲ့ ရှင်းနိုင်မယ်၊ ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်နိုင်မယ်လို့ သူမျှော်လင့်တယ်လို့ ပြောတဲ့အကြောင်း သိရပါတယ်။

ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဘီဘီစီဟာ ကိုယ့်စွမ်းအားကို ပြဖို့လိုတယ်၊ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ လော့ဒ် ပက်တန်အနေနဲ့လည်း ဘီဘီစီကို ထိန်းကွပ်နိုင်မယ့် အစီအစဉ်ကောင်းတွေ လုပ်နေပြီလို့ ယူဆတယ်လို့ ပြောကြောင်း ဝန်ကြီးချုပ်ရုံး သတင်းရပ်ကွက်က ပြောကြပါတယ်။

အခုတော့ ဘီဘီစီအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ဘီဘီစီကို အများက ယုံကြည်လက်ခံလာအောင် သူဆက်လက် ကြိုးပမ်းမယ်၊ ဘီဘီစီ ညွှန်ကြားရေးမှူးချုပ်တာဝန်ကို အခုလို ယာယီအစားထိုးထားရတာထက် မကြာခင် ခန့်ဖို့လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။