BBC navigation

အာဖဂန်က အမေရိကန် ဗိုလ်ချုပ်ကြီးကို ကာကွယ်ရေးဌာနက စစ်ဆေး

နောက်ဆုံး ရေးသားချိန် 13 နိုဝင်ဘာလ 2012 - 15:38 GMT
allen_petraeus

နုတ်ထွက်သွားခဲ့တဲ့ ပက်ထရေးရပ်စ်နဲ့ ဗိုလ်ချုပ်ကြီး ဂျွန်အယ်လန်

အာဖဂန် နစ္စတန် နိုင်ငံက အမေရိကန် တပ်မှူး ဗိုလ်ချုပ်ကြီး ဂျွန်အယ်လန်ကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနက စုံစမ်း စစ်ဆေး မှုတွေ လုပ်နေပါတယ်။

သူဟာ တာဝန်ကနေ နုတ်ထွက်သွား ခဲ့တဲ့ အရင် စီအိုင်အေ အဖွဲ့ရဲ့ ညွှန်ကြား ရေးမှူး ဒေးဗစ် ပက်ထရေးရပ်စ် ကိစ္စ မှာ ပါဝင်ပတ်သက်နေတဲ့ အမျိုးသမီးကို မသင့်တော်တဲ့ ဆက်သွယ်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲ ထားတဲ့အပေါ်မှာ သူ့ကို စစ်ဆေး နေကြတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး အယ်လန်ကတော့ သူ့ကို ဂျေးလ် ကယ်လီ ဆိုသူ အမျိုးသမီးနဲ့ အီးမေးလ်တွေ ထောင်နဲ့ ချီပြီး အပြန်အလှန် ဆက်သွယ်တာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲ ထားတဲ့ အပေါ်မှာ သူဘာမှ အမှား မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

အဲဒီ အမျိုးသမီးကလည်း သူ့ဆီကို ဒေးဗစ် ပက်ထရေးယပ်စ်နဲ့ လူမှုရေး ဖောက်ပြန်မှု ဖြစ်ခဲ့တဲ့ အမျိုးသမီးက ပို့ထားတဲ့ ခြိမ်းခြောက်တဲ့ အီးမေးလ်စာတွေ ရရှိခဲ့တဲ့ အကြောင်း ပြောပါတယ်။

ဗိုလ်ချုပ်ကြီး အယ်လန်ကို ဥရောပ မှာ နေတိုးမဟာမိတ် တပ်တွေရဲ့ တပ်ပေါင်းချုပ် အဖြစ် ခန့်ထားဖို့ စီစဉ် ထား ခဲ့ပေမယ့် အခုတော့ အဲဒီ ကိစ္စကို ရွေ့ဆိုင်း ထားလိုက် ရပါတယ်။

အမေရိကန် ကာကွယ်ရေး ဌာနရဲ့ ပြောခွင့်ရသူက အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ပြောကြား ရာမှာတော့ အခုဗိုလ်ချုပ် အယ်လန်ကိစ္စကို စုံစမ်း စစ်ဆေး နေကြတဲ့ အကြောင်းနဲ့ အဲဒီလို စုံစမ်း နေချိန် အတွင်းမှာလည်း သူဟာ အိုင်ဆက်ဖ် တပ်ဖွဲ့တွေရဲ့ တပ်မှူးချုပ် အဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး ပြောကြားရာမှာတော့ ကာကွယ်ရေး ဝန်ကြီးက သူ့ကို ဥရောပတိုက်မှာ ရှိတဲ့ မဟာမိတ် တပ်ဖွဲ့တွေရဲ့ တပ်မှူးချုပ် အဖြစ် ခန့်ထားရေး အတွက်ကိုတော့ အခု စစ်ဆေးမှုတွေကနေ လုံလောက်တဲ့ အထောက်အထားတွေ မရမချင်း ဆိုင်းငံ့ထားဖို့ သမ္မတနဲ့ တခြား အရေးပါတဲ့ အမတ်တွေကို တင်ပြခဲ့ရာမှာ သမ္မတက သဘောတူခဲ့ကြောင်း တွေကို ပြောကြား ခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။