BBC navigation

တရုတ် ကွန်မြူနစ် ပါတီ ညီလာခံ ပြီးဆုံး

နောက်ဆုံး ရေးသားချိန် 14 နိုဝင်ဘာလ 2012 - 19:02 GMT
Chinese President

တရုတ် သမ္မတ ဟူဂျင်တောင်းက လာမယ့် နှစ်ဆန်း အထိ ရာထူးမှာ ဆက်ရှိမယ်

တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်ပါတီရဲ့ သီတင်း တပါတ်ကြာ ကွန်ဂရက်စ် အစည်းအဝေး ဗုဒ္ဓဟူးနေ့က ကျင်းပ ပြီးစီး သွားပါပြီ။

ဘေဂျင်း မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ ကွန်မြူနစ် ပါတီ ကွန်ဂရက်စ် မှာ မျိုးဆက်သစ် ခေါင်းဆောင် တွေကို အာဏာ လက်ဆင့်ကမ်း ပေးမှု စတင် ပြုလုပ်ခဲ့ ပါတယ်။

ကွန်ဂရက်စ် လွှတ်တော်အနေနဲ့ ခေါင်းဆောင်ဟောင်းတွေ နေရာမှာ ငယ်ရွယ်သူ ခေါင်းဆောင်ပိုင်းသစ်ကို အစားထိုး ခန့်အပ်လိုက်ကြောင်းနဲ့ သမိုင်းဝင်လောက်အောင် ထူးခြားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြောင်း သမ္မတ ဟူဂျင်တောင်းက လွှတ်တော် အစည်းအဝေး အပြီးသတ် ကြေညာချက်ထဲမှာ ဖေါ်ပြခဲ့ပါတယ်။

လွှတ်တော် ကိုယ်စားလှယ် နှစ်ထောင့် နှစ်ရာကျော် တက်ရောက်ခဲ့တဲ့ ဒီအစည်းအဝေးမှာ တရုတ်ဗဟို ကော်မီတီ သစ်ကို ရွေးချယ် ခဲ့ကြ ပါတယ်။

ကြာသပတေးနေ့မှာ ဗဟို ကော်မီတီသစ် ကနေ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ့် ပေါ်လစ်ဗြူရို အမြဲတမ်း ကော်မီတီ ကို အတည်ပြု ခန့်အပ်ဖို့ ရှိပါတယ်။

တရုတ်နိုင်ငံရဲ့ အနာဂါတ် စီးပွားရေးနဲ့ နိုင်ငံရေး လမ်းကြောင်း ဘယ်ကို ဦးတည် နေသလဲ ဆိုတာနဲ့ ပတ်သက်လို့ အခု အသစ် ခန့်အပ်မယ့် ခေါင်းဆောင်ပိုင်းတွေအပေါ် အာရုံထား စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။

ရှီ ကျင်ပင်းနဲ့ လီ ကီဂျန်းတို့ ကို တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်နဲ့ လက်ထောက် ခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ ရှိတယ်လို့ ယူဆရပါတယ်။

ဒါ့အပြင် ၂၀၁၃ ခုနှစ် မတ်လမှာ လက်ရှိ သမ္မတ ဟူဂျင်တောင်းရဲ့ နေရာမှာ ရှီ ကျင်ပင်း တာဝန်လွှဲပြောင်းယူမယ်လို့လည်း မျှော်လင့်ရပါတယ်။

ရှီ ကျင်ပင်းရော၊ လီ ကီဂျန်း ပါ နှစ်ဦးစလုံးကို တရုတ်ကွန်မြူနစ် ပါတီ ဗဟို ကော်မီတီဝင်တွေအဖြစ် ခန့်အပ်ထားပြီးဖြစ်တယ်လို့ ရှင်ဝါ အစိုးရ သတင်းအေဂျင်စီက အတည်ပြုထားပြီး ဖြစ်သလို ပေါလစ် ဗြူရို အမြဲတမ်း ကော်မီတီထဲမှာလည်း ရှေ့ဆုံးက ပါဖို့ သေချာနေပါတယ်။

ဒုတိယ ဝန်ကြီးချုပ် ဝဲန် ကီရှဲန်း၊ ပါတီ ဝါဒစည်းရုံးရေးမှူး လီယူ ယွန်ရှန်း၊ ပါတီရုံး အဖွဲ့မှူး လီ ယွန်ချောင်း၊ တီယန်ဂျင်း ပါတီ အကြီးအကဲ ဇန် ဂေါင်လီနဲ့ ဒုတိယ ဝန်ကြီးချုပ် ဇန် ဒီဂျန်း တို့လည်း ပေါလစ် ဗြူရို အမြဲတမ်း ကော်မီတီထဲမှာ ပါဖို့ တစ်ပြေးနေပါတယ်။

ဒါပေမဲ့ ပေါလစ် ဗြူရို အမြဲတမ်း ကော်မီတီဝင် အရေအတွက်ကို ၉ယောက်ကနေ ၇ ယောက် အထိ လျှော့ချပစ်နိုင်ဘွယ် ရှိနေပြီး တရားဝင် ထုတ်ဖေါ် ကြေညာတဲ့ အချိန်အထိ ဘယ်သူတွေ ပါမလဲ။ ဘယ်နှစ်ယောက် ထားမလဲဆိုတာ အသေအချာ မသိရသေးပါဘူး။

ဒါ့အပြင် အဖွဲ့ဝင် သုံးရာ နီးပါး ပါတဲ့ ဗဟို ကော်မီတီရဲ့ အဖွဲ့ဝင် ဘယ်သူတွေလဲ ဆိုတာကိုလည်း လောလောဆယ် ထုတ်ဖေါ် ကြေညာမှု မရှိသေး ပါဘူး။ ပုံမှန် အားဖြင့်တော့ ပါတီ ၊အစိုးရနဲ့ စစ်တပ်က ထိပ်တန်း ခေါင်းဆောင်တွေကို ဗဟိုကော်မီတီ အဖွဲ့ဝင်တွေအဖြစ် ခန့်အပ်လေ့ ရှိပါတယ်။

လက်ရှိ အဖွဲ့ဝင် အတော်များများဟာ အငြိမ်းစားယူရမယ့် အရွယ်ထက် ကျော်လွန် နေပြီ ဖြစ်တာမို့ အခု ဖွဲ့စည်းမယ့် ကော်မီတီသစ်ရဲ့ အဖွဲ့ဝင် အနည်းဆုံး တဝက်လောက်ဟာ မျက်နှာသစ်တွေ ဖြစ်မယ်လို့ အများက ယူဆနေကြတယ်လို့ ဘီဘီစီ တရုတ်ဌာနမှူး ရေမွန်လီက Ranond Li က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။