BBC navigation

တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရို ကော်မီတီဝင်အမည် ကြေညာ

နောက်ဆုံး ရေးသားချိန် 15 နိုဝင်ဘာလ 2012 - 17:05 GMT

ရှီကျင်ပင်းကို တရုတ်ကွန်မြူနစ် ပါတီရဲ့ ပေါလစ်ဗြူရို အမြဲတမ်း ကော်မီတီ အထွေထွေ အတွင်းရေးမှူးခန့်

တရုတ်နိုင်ငံမှာ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်စွမ်းရှိတဲ့ ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရို အမြဲတမ်းကော်မီတီ အဖွဲ့ဝင်ရဲ့ အမည်စာရင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ တရားဝင် ထုတ်ဖေါ် ကြေညာလိုက်ပါပြီ။

ပေါလစ်ဗြူရို အမြဲတမ်းကော်မီတီ အဖွဲ့ရဲ့ အမြင့်ဆုံး ခေါင်းဆောင် ဖြစ်တဲ့ အထွေထွေ အတွင်းရေးမှူး ရာထူးကိုတော့ အစောကတည်းက တစ်ပြေးနေတဲ့ ရှီကျင်ပင်း ကို ရွေးချယ် အတည်ပြုလိုက်ပါတယ်။

သူ့ရဲ့ ပထမဆုံး နိုင်ငံတော် မိန့်ခွန်းထဲမှာ ရှီကျင်းပင်းက တရုတ်ပြည်သူတွေအနေနဲ့ ပညာရေး၊လူမှုရေး၊ ကျန်းမာရေး စနစ်တွေ ပိုကောင်းလာတာကို လိုလားနေပြီး စိတ်ချရတဲ့ အလုပ်အကိုင် ၊ ပိုကောင်းတဲ့ ဝင်ငွေတွေ ရဖို့ နဲ့ အခုထက်ပို သက်တောင့် သက်သာ ရှိတဲ့ နေထိုင်မှု ဘဝ ပတ်ဝန်းကျင်ကို တောင့်တ မျှော်လင့်နေကြကြောင်း၊ တရုတ် ကွန်မြူနစ် ပါတီအနေနဲ့ အဂတိ လိုက်စားမှု ၊ အောက်ခြေလူထုနဲ့ ကင်းကွာနေမှု စတဲ့ ပြဿနာ အခက်အခဲတွေကို ဖြေရှင်း ဆောင်ရွက်ဖို့ လိုကြောင်း ပြောသွားပါတယ်။

ဒီလို လုပ်ဖို့အတွက် ပိုကောင်းမွန်တဲ့ ပါတီစည်းမျဉ်း ဥပဒေတွေ ချမှတ်ဖို့ လိုပြီး ပါတီ တခုလုံးအနေနဲ့ နိုးနိုးကြားကြား ရှိရမှာ ဖြစ်တယ်လို့လည်း ရှီကျင်ပင်းက ပြောသွား ပါတယ်။

အခုထုတ်ဖေါ်ကြေညာလိုက်တဲ့ ကော်မီတီအဖွဲ့ဝင် တွေအားလုံးဟာ မီဒီယာတွေမှာ ထင်ကြေးပေး မှန်းထားသူတွေ ဖြစ်တာမို့ သိပ်မအံ့သြခဲ့ကြပါဘူး။

ကော်မီတီဝင် အရေအတွက်ကိုတော့ အရင်ကလို ၉ဦးမထားတော့ပဲ ၇ဦးနဲ့ပဲ လျှော့ချ ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီ ကော်မီဝင်သစ် ၇ဦးထဲက အနည်းဆုံး ၄ဦးလောက်ဟာ အသက် ၈၆နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ ခေါင်းဆောင်ဟောင်း ဂျန်ဇီမင်းနဲ့ နီးကပ်သူတွေ ဖြစ်တာမို့ သူ့ရဲ့ လွှမ်းမိုး အရေးပါမှုက ရှိနေဆဲ ဆိုတာ မှန်းလို့ ရပါတယ်။

ဒါပေမယ့် မကြာခင် ရာထူးသက်တမ်း ကုန်ဆုံးတော့မယ့် သမ္မတ ဟူဂျင်တောင်း နဲ့ နီးစပ်သူ ၃ဦးဖြစ်တဲ့ လီယွန်ချောင်၊ လီယူ ယွန်ဒေါင်းနဲ့ ဝဲန်ယန်းတို့ကတော့ အခု ကော်မီတီသစ်ထဲမှာ ပါမလာတော့တာ တွေ့ရပါတယ်။

ဟူဂျင်တောင်းဟာ သမ္မတ သက်တမ်း အပြီးမှာ ဗဟို စစ်ရေး ကော်မရှင် အဖွဲ့ ဥက္ကဌ အဖြစ်လည်း ဆက်တာဝန်ယူတော့မှာ မဟုတ်လို့ သူ့အနေနဲ့ နိုင်ငံရေး လောကကနေ လုံးဝ အနားယူသွားမယ့် ပုံမျိုး ရှိနေပါတယ်။

အခု အသစ်ဖွဲ့စည်းလိုက်တဲ့ ခေါင်းဆောင်ပိုင်းသစ်ဟာ နိုင်ငံရေးအရ ရှေးရိုးစွဲ ဝါဒီတွေ ပဲ ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် တရုတ်နိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာမယ့် ပုံမျိုး မတွေ့ရဘူးလို့ အများက သုံးသပ်နေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။