BBC navigation

အရှေ့အလယ်ပိုင်း ဝဲဂယက်ဆိုး တပတ်ပြန်မလည်သင့်

နောက်ဆုံး ရေးသားချိန် 22 နိုဝင်ဘာလ 2012 - 16:57 GMT

အပစ်ရပ်ရေး သဘောတူချက်ကြောင့် ပျော်ရွှင်မြူးတူး အောင်ပွဲခံနေကြ

အစ္စရေးနဲ့ ဟားမတ်စ် အဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ တစ်ပတ်ကျော် ဖြစ်ခဲ့ ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့ကတော့ အပစ်အခတ် ရပ်စဲဖို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် ဒီသဘောတူချက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဒါမှမဟုတ် လွန်ခဲ့တဲ့ ၂၀၀၆ ၊ ၂၀၀၈ နဲ့ ၂၀၀၉ တွေတုန်းကလို အပြန်အလှန် တိုက်ခိုက်မှုတွေ ထပ်မဖြစ်တော့ပဲ အပစ်ရပ်ရေး ရေရှည်ခံနိုင်ဖို့ အဓိက အရေးကြီး ပါတယ်။
ဒါတင်မက ဂါဇာမှာ နေထိုင်ကြသူ လူပေါင်း တစ်သန်းခွဲကျော်ရဲ့ နေ့စဉ် နေထိုင်မှု ဘဝတွေ တိုးတက် ကောင်းမွန် လာဖို့ ထာဝရ အဖြေ တစ်ရပ် ရဖို့ လိုအပ်တယ် လို့ ဘီဘီစီ သတင်းထောက် Wyre Davies က သုံးသပ်ပါတယ်။

ဂါဇာမှာ အပြန် အလှန် တိုက်ခိုက်မှု တွေကြောင့် ပျက်စီးမှု သံသရာ လည်နေခဲ့တာပါ။

အရင်က ပဋိပက္ခတွေ ဖြစ်ခဲ့ ပြီးတဲ့နောက် ဂါဇာမှာ အခြေခံ အဆောက် အဦတွေ၊ ဌာနတွေ ပြန်လည် တည်ဆောက် ကြတာမျိုး ရှိပေမယ့် အချိန်နဲ့ အမျှ အစ္စရေး ဘက်က ပိတ်ဆို့ထားမှု တွေကို လူတွေက မကျေမနပ်မှုတွေ ပိုများလာပြီး ပါလက်စတိုင်း စစ်သွေးကြွ တွေက အစ္စရေး ဘက်ကို ပစ်တာ ခတ်တာတွေ လုပ်လာ ခဲ့ပြီး အစ္စရေးတို့ ဘက်ကလည်း စစ်အင်အား သုံး တုံ့ပြန်ခဲ့ တာကြောင့် တည်ဆောက်ထားတာတွေ ပြန်ပြီး ပျက်စီး ကုန်ပြန် ပါတယ်။

ဒီတခါတော့ ဂါဇာမှာရော၊ အစ္စရေး နိုင်ငံ တောင်ပိုင်း အနီး ဝန်းကျင်မှာ နေထိုင်ကြသူ တွေ အတွက်ပါ အရင်တုန်းကလို ပြန် မဖြစ်သင့် တော့တာ အမှန်ပါ။

အခု သဘောတူညီချက်ထဲမှာ အစ္စရေး ဘက်က လုံခြုံရေး ကို တောင်းဆိုခဲ့သလို ဂါဇာဒေသမှာ နေကြသူတွေ ကတော့ စီးပွားရေး တိုးတက် ကောင်းမွန်ပြီး သက်တောင့် သက်သာ နေထိုင်နိုင်ဖို့ ဆန္ဒရှိနေကြပါတယ်။

ဂါဇာကနေ အရင်တုန်းကလို ဒုံးလက်နက်ကျည် တွေနဲ့ ပစ်ခတ်မယ် ဆိုရင် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ တုန်းက ဖြစ်ခဲ့သလိုမျိုး အစ္စရေးတို့ ဘက်က လေကြောင်း တိုက်ခိုက်မှု စတင် ပြုလုပ်ပြီး တစ်ပတ်ကြာ တိုက်ခိုက်ခဲ့တဲ့ အခြေအနေ ရောက်အောင် တွန်းပို့ ပေးတဲ့ အနေအထား ရောက်သွားနိုင် ပါတယ်။

အစ္စရေး ခေါင်းဆောင်တွေကို ကြည့်မယ် ဆိုရင် သူတို့ ဘက်က အပစ်ရပ်ကြောင်း ဗုဒ္ဓဟူးနေ့ညက ကြေညာ ခဲ့ချိန်က စိတ်သက်သာရာ ရသွားတဲ့ သဘော၊ ဒါမှ မဟုတ် စိတ်ကျေနပ်မှု ရှိသွားတဲ့ သဘော တွေ့ရမယ့် အစား မကြည်မလင် ဖြစ်နေခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ တပတ်က ဖြစ်ရပ်မှာ ဟားမတ်စ်တို့ ထက် အစ္စရေး ဘက်က ပိုပြီး အသာရတယ်လို့ ဆိုကောင်း ဆိုနိုင်ပါတယ်။

ဟားမတ်စ် စစ်သွေးကြွ ခေါင်းဆောင် အာမက် ဂျာဘာရီနဲ့ တခြား ထိပ်တန်း စစ်သွေးကြွ တချို့ကို အစ္စရေးတို့ က သတ်ဖြတ်နိုင်ခဲ့ တာဟာ ဟားမတ်စ်တို့ အတွက် အကြီး အကျယ် ထိုးနှက် ခံရမှုပါ။

အခု သဘောတူညီချက် အရ အတိအကျ ပစ်မှတ်ထား တိုက်ခိုက် သုတ်သင်မှုတွေကို အစ္စရေး ဘက်က ရပ်ဖို့ ဟားမတ်စ်တို့ရဲ့ တောင်းဆိုမှုကို အစ္စရေး ဘက်က သဘောတူညီချက် ထဲမှာ လိုက်လျော ခဲ့ရ ပါတယ်။

ဒါ့အပြင် အစ္စရေး ဘက်က လည်း Iron Dome လို့ ခေါ်တဲ့ ဒုံးကျည် ကာကွယ်ရေး စနစ် က အတော်ကို ထိရောက်တယ် ဆိုတာ ပြနိုင်ခဲ့ ပါတယ်။

ဂါဇာကို တိုက်ခိုက်တာဟာ သူ့လူတွေနဲ့ သူတို့ မြို့တွေကို ဒုံးလက်နက်နဲ့ ပစ်ခတ်မှုတွကနေ ကာကွယ်ဖို့ နောက်ဆုံး ကြိုးပမ်းမှုသာ ဖြစ်တယ်လို့ အစ္စရေး ဘက်က ပြောပါတယ်။

လောလောဆယ်မှာတော့ မနေ့ညက ရခဲ့တဲ့ အပစ်ရပ်ရေး သဘောတူညီချက်ကို နှစ်ဘက်လုံးက လိုက်နာကြတဲ့ ပုံရှိပြီး ဂါဇာမှာ တည်ငြိမ်အေးချမ်းနေတဲ့ ပုံမျိုး တွေ့ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။