BBC navigation

ဘက်ဂျက် မထွက်ဘဲ EU ဆွေးနွေးပွဲ အပြီးသတ်

နောက်ဆုံး ရေးသားချိန် 24 နိုဝင်ဘာလ 2012 - 01:23 GMT
eu summit

တချို့ နိုင်ငံ တွေက အသုံးစရိတ် ဖြတ်စေချင်

ဥရောပ သမဂ္ဂ ဘက်ဂျက် သစ် နဲ့ ပတ်သက်ပြီး ခေါင်းဆောင်တွေ သဘောတူညီမှု တစုံတရာ မရနိုင်ဘဲ ဘရပ်ဆဲ ထိပ်သီး ဆွေးနွေးပွဲ အပြီးသတ် လိုက်ရပါတယ်။

၂ဝ၁၄ ခုနှစ် ကနေ ၂ဝ၂ဝ ပြည့်နှစ် အထိ အကြုံးဝင်မယ့် အသုံးစရိတ် ဘတ်ဂျက် တိုးမြှင့်ဖို့ သမဂ္ဂ ဝင်နိုင်ငံ အတော်များများက ထောက်ခံကြပေမယ့် ဗြိတိန် ဂျာမနီနဲ့ တချို့ နိုင်ငံ တွေက စရိတ် ဖြတ်တောက် စေချင် ကြတာ ဖြစ်ပါတယ်။

အရင်ကလဲ ဖြတ်တောက်မှု တွေ အများကြီး လုပ်လို့ ရခဲ့ တာမို့ စေ့စပ် ညှိနှိုင်းလို့ ရအုံးမယ်လို့ ယုံကြည်ကြောင်း ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က ပြောကြား ပါတယ်။

ကိုယ့်ပြည်တွင်း ဘက်ဂျက်တွေ ဖြတ်တောက် နေချိန်မျိုးမှာ ဥရောပ သမဂ္ဂ အနေနဲ့ အသုံးစရိတ် မတိုးသင့်ဘူးလို့ သူက ဆိုပါတယ်။

နောက်နှစ် ဆန်းပိုင်းမှာ လုပ်မယ့် ထိပ်သီး ဆွေးနွေးပွဲမှာ ဘက်ဂျက် အကြောင်း ဆက်ပြီး ဆွေးနွေးနိုင်တယ်လို့ ဥရောပ သံတမန် လောကမှာ ပြောဆို နေကြ ပါတယ်။

ဒီအချိန် မှာပဲ ဆိုက်ပရပ်စ် နိုင်ငံ က ဘဏ်တွေ ပြိုလဲပြီး အကြွေး တင်နေတာတွေ ပြန်ဆပ်ဖို့ ဒေါ်လာ သန်း ၂ သောင်း တန် ကယ်ဆယ်ရေး အကူငွေ ကိစ္စ ပြေလည်မှုတွေ ရှိတယ်လို့ ဥရောပ သမဂ္ဂ နဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF တို့က ဆိုပါတယ်။

လိုအပ်တဲ့ ဘဏ္ဍာရေး အခြေအနေ စုံစမ်းမှု ရှေ့ပြေး ရလဒ်တွေ နောက် ရက်သတ္တပတ် အနည်းငယ် အတွင်း ထွက်လာမယ်လို့ ခန့်မှန်း ကြောင်း ပြောပါတယ်။

ဒိအတွက် သဘောတူညီချက်တွေ ရပြီးကြောင်း ဆိုက်ပရပ်စ် ဘက်က ပြောကြား ခဲ့ပြီး ဖြစ်ပါတယ်။

ဂရိ ဘဏ္ဍာရေး အကျပ်အတည်း ရိုက်ခတ်မှု ဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင် ခဲ့ရလို့ ဆိုက်ပရပ်စ် ဘဏ်တွေမှာ အကြီးအကျယ် နစ်နာ ဆုံးရှုံး ခဲ့ရပြီး အကြွေးတွေ တင် ကျန်ရစ် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။