BBC navigation

အီဂျစ်သမ္မတကို ဆန့်ကျင်သပိတ်မှောက်မှု စတင်

နောက်ဆုံး ရေးသားချိန် 24 နိုဝင်ဘာလ 2012 - 00:28 GMT
Mursi

သမ္မတ မိုဟာမက် မော်စီ

အီဂျစ်နိုင်ငံမှာ သမ္မတ မော်စီရဲ့ ရှိပြီးသား သမ္မတအာဏာထက် ပိုယူတဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ လူတွေက ဒေါ်သတကြီး တုံ့ပြန် ဆန္ဒပြ နေကြပါတယ်။

သမ္မတရဲ့ ဆုံးဖြတ်ချက်တွေကို တရားရုံးတွေက မေးခွန်းပြန်ထုတ်လို့ မရဘူးဆိုတဲ့အချက်ကို သမ္မတက ကြာသပတေးနေ့က အတည်ပြု ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် သမ္မတကို မကျေနပ်တဲ့ သူတွေက အာဏာရ မွတ်ဆလင် ညီနောင်များ အဖွဲ့ရဲ့ ရုံးခန်းတချို့လည်း ဖျက်ဆီးခဲ့သလို တချို့က လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။

အလက်ဇန်းဒရီးယားမှာဆိုရင်လည်း မွတ်ဆလင် ညီနောင်များ အဖွဲ့ရဲ့ ရုံးခန်းတွေ ဖျက်ဆီး ခံခဲ့ရပါတယ်။

အရင် သမ္မတဟောင်း ဟော့စနီ မူဘာရက်ကို ဆန္ဒပြ ဖြတ်ချခဲ့မှုရဲ့ ပင်မအခြေစိုက် နေရာဖြစ်တဲ့ ကိုင်ရိုမြို့လယ်က တဟီရာ ရင်ပြင်မှာလည်း ထောင်နဲ့ချီတဲ့ လူတွေ စုဝေးခဲ့ကြပါတယ်။

သူတို့ရဲ့ ကြွေးကြော်သံတွေမှာလည်း မောစီနဲ့ မူဘာရက် အတူတူပဲလို့ ကြွေးကြော် ကြပါတယ်။

ဆန္ဒပြသူတွေနဲ့ အတိုက်အခံ အုပ်စုတွေဟာ မနေ့ကစပြီး တပတ်တာ ထိုင်သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။

သူတို့ရဲ့အဓိက တောင်းဆိုချက် ကတော့ သမ္မတရဲ့ အခြေခံဥပဒေဆိုင်ရာ အမိန့်ကို ပြန်ရုပ်သိမ်းဖို့ နဲ့ အီဂျစ်ရဲ့ အခြေခံ ဥပဒေသစ်ကို ရေးဆွဲနေတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။

သမ္မတ မော်စီကတော့ မူဘာရက် ပြုတ်ကျခဲ့တဲ့ အီဂျစ် တော်လှန်ရေးကို အကာအကွယ်ပေးဖို့ လုပ်တာသာ ဖြစ်တယ်လို့ ပြောပါတယ်။ တည်ငြိမ်မှု ရဖို့နဲ့ အီဂျစ်နိုင်ငံ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ လမ်းကြောင်းမှာ ဦးဆောင်နေတာသာ ဖြစ်တယ်လို့ သူ့ကို ထောက်ခံတဲ့ သူတွေကို ပြောခဲ့ပါတယ်။

သမ္မတကို ထောက်ခံသူတွေလည်း လမ်းပေါ်ထွက် ဆန္ဒကြလို့ မထောက်ခံသူတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှိနေပါတယ်။

ဒါကြောင့် အီဂျစ်နိုင်ငံဟာ ပိုနှစ်ခြမ်းကွဲလာတာကြောင့် မကြာခင် ကာလတွေမှာ ပိုပြီး မတည်မငြိမ် ဖြစ်လာစရာ ရှိတယ်လို့ ကိုင်ရိုက ဘီဘီစီ သတင်းထောက် ဂျွန်လိုင်းက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။