BBC navigation

အာရာဖတ်ရဲ့ ရုပ်အလောင်း စတင် တူးဖော်

နောက်ဆုံး ရေးသားချိန် 27 နိုဝင်ဘာလ 2012 - 17:25 GMT
Yasser Afafat's tomb

မစ္စတာ အာရာဖတ်ရဲ့ အလောင်းကို စစ်ဆေးဖို့ နမူနာ အစိတ်အပိုင်းတွေ ယူပြီး ပြန်ပိတ်ခဲ့

ပါလက်စတိုင်း ခေါင်းဆောင် ယာဆာ အာရာဖတ် သေဆုံး ခဲ့ရတဲ့ အကြောင်း ရင်းမှန်ကို စစ်ဆေး ဖေါ်ထုတ် နိုင်ဖို့ သူ့ရုပ် အလောင်းကို ပြန်လည် တူးဖေါ် စစ်ဆေးမှုတွေ စတင် ခဲ့ပါပြီ။

၂၀၀၄ ခုနှစ်က ကွယ်လွန် ခဲ့တဲ့ မစ္စတာ အာရာဖတ်ဟာ အဆိပ်သင့် သေဆုံး ခဲ့တာလား ဆိုတာကို ဖေါ်ထုတ် နိုင်ဖို့ သူ့ရဲ့ ရုပ်အလောင်းက အစိတ် အပိုင်း နမူနာတွေကို ဆွစ်ဇာလန်၊ ပြင်သစ်နဲ့ ရုရှား မှုခင်း ကျွမ်းကျင်သူ တွေကို ပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။

ကွယ်လွန်သူ မစ္စတာ အာရာဖတ်ရဲ့ အဝတ် အစားတွေမှာ ရေဒီယို သတ္တိကြွဓါတ် polonium 210 ကို ဆွစ်ဇ် မှုခင်း ကျွမ်းကျင် သူတွေ တွေ့ရှိခဲ့ အပြီးမှာ ပြီးခဲ့တဲ့ သြဂုတ် လက စပြီး ပြင်သစ် ကျွမ်းကျင်သူ တွေက သေမှု သေခင်း စုံစမ်း စစ်ဆေးမှုတွေ စလုပ်ခဲ့ တာပါ။

မစ္စတာ အာရာဖတ်ရဲ့ ဆေးမှတ်တမ်းတွေ အရတော့ သူဟာ သွေးလေ မမှန် မှုကြောင့် လေဖြတ် ခံရတဲ့ ဝေဒနာ တွေကို ခံစား ခဲ့ရတယ်လို့ ဖေါ်ပြထား ပါတယ်။

သူကွယ်လွန်ချိန် တုန်းကတော့ သူ့အလောင်းကို ခွဲစိတ် စစ်ဆေး တာမျိုး မလုပ်ဖို့ ကျန်ရစ်သူ ဇနီးသည် ဆူဟာက ကန့်ကွက်ခဲ့ ပါတယ်။

ခုတော့ အမှန် တရားကို ဖေါ်ထုတ် နိုင်ဖို့ဆိုပြီး သူ့ ခင်ပွန်းသည်ရဲ့ ရုပ်အလောင်းကို ပြန်လည် တူးဖေါ် စစ်ဆေးခွင့် ပြုဖို့ ပါလက်စတိုင်း အာဏာပိုင် တွေကို ပန်ကြားခဲ့ ပါတယ်။

မစ္စတာ အာရာဖတ်ရဲ့ ရုပ်အလောင်း ကနေ နမူနာ ယူဖို့ ပါလက်စတိုင်း ဆရာဝန် တဦးကိုပဲ ခွင့်ပြုခဲ့ပြီး ဆွစ်ဇ်၊ ပြင်သစ်နဲ့ ရုရှား မှုခင်း ကျွမ်းကျင် သူတွေ ရှေ့မှာ လုပ်ခဲ့တယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက AFP သတင်း ဌာနကို ပြော ပါတယ်။

အဲဒီ ကနေ ရလာတဲ့ နမူနာ တွေကို အခု စတင် စစ်ဆေး တော့မှာ ဖြစ်ပြီး လပေါင်း အတော် ကြာမယ်လို့ ယူဆရ ပါတယ်။

အဲဒီ စစ်ဆေးမှုတွေ ကနေ တိကျ ခိုင်မာတဲ့ ရလဒ် အဖြေတွေ ရလာဖို့ မျှော်လင့်နေတယ်လို့ ယာဆာ အာရာဖက်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ဟောင်း လည်းဖြစ် PLO ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ရဲ့ လက်ရှိ အမှု ဆောင် ကော်မီတီ အဖွဲ့ဝင် တဦးလည်း ဖြစ်တဲ့ Hanan Ashrawi က ပြောပါတယ်။

ကွယ်လွန်ချိန်မှာ မစ္စတာ အာရာဖတ်ဟာ HIV ဒါမှမဟုတ် ကင်ဆာ ရောဂါ ခံစား နေရတယ် ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှု တွေလည်း ရှိခဲ့ ပါတယ်။

အစ္စရေး အစိုးရ ကတော့ မစ္စတာ အာရာဖတ် သေဆုံးမှုဟာ သူတို့နဲ့ ပတ်သက်မှု မရှိဘူးဆိုပြီး အခိုင်အမာ ငြင်းဆိုထား ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။