BBC navigation

အီဂျစ် နိုင်ငံသား ထောင်သောင်းချီ စုဝေး

နောက်ဆုံး ရေးသားချိန် 28 နိုဝင်ဘာလ 2012 - 01:23 GMT
cairo

ထောင်သောင်းချီ ပြီး ကိုင်ရို ရင်ပြင်မှာ စုဝေး

အစ္စလာမ် ဝါဒီ သမ္မတ မိုဟာမက် မော်စီရဲ့ အာဏာ တိုးချဲ့ ယူလိုက်တဲ့ အမိန့်ကို စိတ်ဆိုး ဒေါသထွက်နေကြတဲ့ အီဂျစ် နိုင်ငံသားတွေ ထောင်သောင်းချီ ပြီး ကိုင်ရို မြို့တော် တာရီယာ ရင်ပြင်မှာ စုဝေး ဆန္ဒပြ ခဲ့ကြပါတယ်။

သူတို့က သမ္မတ မော်စီဟာ အာဏာရှင် ဆန်လာတယ်လို့ ပြောပြီး ဆန္ဒပြနေကြတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သမ္မတ မော်စီကနေ သူထုတ်ပြန်တဲ့ အမိန့်အာဏာတွေကို ဘယ်အာဏာပိုင်၊ ဘယ်တရားရုံးကမှ ပြန်လည် မေးခွန်းထုတ်လို့ မရဘူးဆိုတဲ့ အခြေခံဥပဒေ ကြေညာချက် ထုတ်ပြန်ခဲ့လို့ ဖြစ်ပါတယ်။

အခု ကိုင်ရိုမြို့ တဟီရာ ရင်ပြင်က ဆန္ဒပြပွဲ ဆိုရင် သမ္မတမော်စီကို ဆန္ဒပြမှုတွေ ထဲမှာ အကြီးဆုံးလို့ ပြောနိုင်ပါတယ်။ ဒီနေရာဟာ ပြီးခဲ့တဲ့ နှစ်က သမ္မတ ဟော့စနီ မူဘာရက်ကို ဖြုတ်ချနိုင်ခဲ့တဲ့ အဓိက သပိတ်စခန်း နေရာလည်း ဖြစ်ပါတယ်။

သမ္မတနဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ကို ရှုတ်ချတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ရင်ပြင်လယ်ကို ဆန္ဒပြ ရေစီးကြောင်းတွေ တနေ့လုံး တသွင်သွင် စီးဝင် လာနေပါတယ်။

အခု ဆန္ဒပြမှုမှာ အင်္ဂါနေ့ကဆိုရင် နိုဘဲလ်ဆုရှင် ဖြစ်တဲ့ မိုဟာမက် အယ်လ် ဘာရာဒေးနဲ့ အတိုက်အခံ ခေါင်းဆောင်တွေ၊ သတင်းထောက်တွေ၊ ရှေ့နေတွေ လည်း ပူးပေါင်း ပါဝင် လာကြပါတယ်။

အာရပ်အဖွဲ့ချုပ် ခေါင်းဆောင်ဟောင်း Amr Moussa ကလည်း သမ္မတ သူ့အမိန့်ကို ပြန်ရုပ်သိမ်းဖို့ တောင်းဆို ကြောင်း ပြောပါတယ်။

အီဂျစ်မှာ သမ္မတ မော်စီကို ဆန့်ကျင်ကြတဲ့ လူတွေ သောင်းနဲ့ချီပြီး ကိုင်ရိုမှာ စုဝေးနေ ကြသလို တခြား အီဂျစ် မြို့တွေမှာလည်း ဆန္ဒပြ နေကြပါတယ်။

မစ္စတာ မော်စီက သူရယူတဲ့ အာဏာသစ် တွေကို ပြန်ပြီး ကန့်သတ်မှာ ဖြစ်ကြောင်း ကတိပေးပြီး အကျပ်အတည်းကို ပြေလည်အောင် ကြိုးစား ခဲ့ပါတယ်။

သမ္မတက တင်းမာမှု အရှိန်ကျသွားအောင် တနင်္လာနေ့က တရားသူကြီးတွေ ခေါ်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒါပေမယ့် ရှေ့နေတွေ အပါအဝင် ဆန္ဒပြသူတွေ ကတော့ လက်မခံနိုင် ကြပါဘူး။

ဆန္ဒပြမှုတွေဟာ အများစုကတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ပေမယ့် ကိုင်ရိုမြို့ တနေရာမှာတော့ လုံခြုံရေးရဲတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပြီး မျက်ရည်ယို ဗုံးကြောင့် လူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သမ္မတ မော်စီ ထောက်ခံသူတွေ၊ မွတ်ဆလင် ညီနောင်များအဖွဲ့က လူတွေကလည်း သမ္မတကို ထောက်ခံ ဆန္ဒပြဖို့ စီစဉ်ထား ကြပေမယ့် ဆန့်ကျင် ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့မှာ စိုးလို့ ရွှေ့ဆိုင်း ထားကြပါတယ်။

သမ္မတဘက်က ထိပ်တိုက် တိုးမှာ၊ တင်းမာမှုတွေ ဆက်ဖြစ်မှာကို ရှောင်ချင်တဲ့ သဘော တွေ့ရပေမယ့် သမ္မတ အနေနဲ့ ဒေါသထွက် နေတဲ့ ဆန္ဒပြမှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့က ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။