BBC navigation

ပါလက်စတိုင်းကို လေ့လာသူအဖြစ် ကုလလက်ခံ

နောက်ဆုံး ရေးသားချိန် 30 နိုဝင်ဘာလ 2012 - 00:48 GMT
ပါလက်စတိုင်းကို လေ့လာသူ အဖြစ်ကုလသမဂ္ဂက မဲခွဲအတည်ပြု

ပါလက်စတိုင်းကို လေ့လာသူ အဖြစ် ကုလ သမဂ္ဂ မဲခွဲ အတည်ပြု

ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောရာမှာ လွန်ခဲ့တဲ့ ၆၅နှစ်တုန်းက ဒီနေ့နဲ့ တရက်ထဲ တိုက်ဆိုင်ပြီး ကုလသမဂ္ဂက ဆုံးဖြတ်ချက် ၁၈၁ နဲ့ သမိုင်းဝင် ပါလက်စ်တိုင်း နယ်မြေကို ခွဲပြီး အစ္စရေး နိုင်ငံကို မွေးထုတ်နိုင်ခဲ့တယ်။

ဒီကနေ့တော့ ပါလက်စတိုင်း ဒေသရဲ့ စစ်မှန်တဲ့ မွေးစာရင်း ထုတ်ပေးဖို့ နှစ်ပြည်ထောင် ဖြစ်နေတဲ့ ပြဿနာကို နောက်ဆုံး ဖြေရှင်းဖို့ မိန့်ခွန်း ပြောသွားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီး Ron Prosor ကတော့ နှစ်ဖက်ကြား သဘောတူညီချက်ရမှ ငြိမ်းချမ်းရေးရနိုင်မယ် ကုလသမဂ္ဂမှာ ပြောနေရုံနဲ့ မရနိုင်ဘူးလို့ တုံ့ပြန်ပါတယ်။

အစ္စရေး ပြည်သူနဲ့ အစ္စရေး နယ်မြေ အကြား နှစ်ပေါင်း ၄ဝဝဝ ရှိတဲ့ ခိုင်မြဲတဲ့ အနှောင်အဖွဲ့ကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်က ဖြိုခွဲနိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

၁၉၆၇ ခုနှစ်တုန်းက အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း ဒေသ ဂါဇာနဲ့ အရှေ့ဂျေရုဆလမ် တို့ကို ပါလက်စတိုင်း ပြည်နယ်အဖြစ် ကုလသမဂ္ဂ အသိအမှတ် ပြုဖို့ ပါလက်စတိုင်းတို့ဘက်က တောင်းဆိုတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂမှာ အဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူအဖြစ် အသိအမှတ်ပြုဖို့ အဖွဲ့ဝင် ၁၃၈နိုင်ငံက ထောက်ခံကြပြီး ကန့်ကွက်သူ ၉ နိုင်ငံနဲ့ ကြားနေ ၄၁နိုင်ငံရှိပါတယ်။

အခုလို ပါလက်စတိုင်း နိုင်ငံအဖြစ် တောင်းဆိုတာဟာ မှတ်တိုင်တခုလို့ ပြောလို့ ရနိုင်ပေမယ့် ထောက်ခံမဲ အများအပြားရတာကို ကြည့်ရင် သံတမန်ရေး အရ လက်တွေ့ အကျိုးသက်ရောက်မှုတွေ ရှိမယ်လို့ ဘီဘီစီ ကုလသမဂ္ဂ ဆိုင်ရာ သတင်းထောက် ဘာဘရာပလက်က ပြောသွားပါတယ်။

အခုအခါ ပါလက်စတိုင်းဟာ ကုလသမဂ္ဂ ဆွေးနွေးပွဲတွေ ပါဝင်နိုင်မှာဖြစ်ပြီး အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်တရားရုံးတို့လို ကုလသမဂ္ဂ အေဂျင်စီတွေမှာ ပါဝင်ဖို့ အခွင့်အလမ်းတွေလည်း ပိုများလာမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။