BBC navigation

အီဂျစ် အခြေခံ ဥပဒေသစ် ထွက်လာ

နောက်ဆုံး ရေးသားချိန် 1 ဒီဇင်ဘာလ 2012 - 01:31 GMT
egypt

၁၆ နာရီ အတွင်း အခြေခံ ဥပဒေ အတည်ပြု

အီဂျစ် နိုင်ငံသား ထောင်သောင်းချီပြီး ကိုင်ရို မြို့တော်မှာ သမ္မတ မော်စီကို ဆက်လက် ဆန္ဒပြ နေချိန်မှာပဲ အစ္စလာမ် ဝါဒီ တွေ ကြီးစိုးတဲ့ လွှတ်တော်က အခြေခံ ဥပဒေ မူကြမ်း အသစ်ကို ဒရောသောပါး အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။

မစ္စတာ မော်စီ အာဏာ သစ်တွေ တိုးချဲ့ယူတာကို ဝေဖန် ပြစ်တင် နေကြတဲ့ ဆန္ဒပြ သူတွေက ၁၆ နာရီ အတွင်း အခြေခံ ဥပဒေ မူကြမ်း အတည်ပြု လိုက်တာ ကိုလဲ စိတ်ဆိုး ဒေါသ ထွက်နေကြပါတယ်။

သမ္မတဟာ ပြည်သူ တွေ စကားကို နားဝင်သူ မဟုတ်ဘဲ လိုချင်တာ လုပ်ခိုင်းဖို့ သာ တောင်းဆိုတတ်တဲ့သူ သာ ဖြစ်ကြောင်း မနေ့ည က လွှင့်တဲ့ သမ္မတ မော်စီ မိန့်ခွန်း က သက်သေ ခံ နေတယ်လို့ အမျိုးသား ကယ်ဆယ်ရေး တပ်ဦး အတိုက်အခံ အဖွဲ့ ခေါင်းဆောင် ဟမ်ဒင် ဆဟာဘီက ပြောကြား သွားပါတယ်။

အီဂျစ် ပြည်သူ တွေဟာ ဒီလို အာဏာရှင် စနစ်မျိုး အောက်မှာ နေမယ့်သူ တွေ မဟုတ်လို့ လက်ခံမှာ မဟုတ်ဘူး လို့လဲ သူက ဆိုပါတယ်။

ဒီလို လုပ်တာဟာ တရားရုံး တွေရဲ့ စိန်ခေါ်မှု ကို ကြိုတင် လက်ဦးယူတာ ဖြစ်တယ်လို့ ကိုင်ရို က ဘီဘီစီ သတင်းထောက်က ပြော ပါတယ်။

ဒီလို ဆန္ဒပြ နေကြချိန်မှာပဲ မစ္စတာ မော်စီ သူ့ကိုယ်သူ အာဏာ တိုးပြီး အပ်နှင်းဖို့ ဆုံးဖြတ်တာကို ပြန်စဉ်းစား သင့်တယ်လို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မင်းကြီး နာဗီ ပီလေး ကလဲ ဘီဘီစီကို ပြောကြား ပါတယ်။

သူ့ရဲ့ အမိန့် အာဏာ တွေကို တရားရုံးတွေ အပါအဝင် မည်သူကမှ ပြန်ပြီး နှုတ်ပယ်လို့ မရကြောင်း ထုတ်ပြန် ခဲ့တာဟာ နိုင်ငံတကာ ဥပဒေ စံနှုန်းနဲ့ မကိုက်ညီဘူး လို့လဲ မစ္စစ် ပီလေးက ဆိုပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ကျူး လွန်ဖို့ လမ်းဖွင့် ပေးလိုက်သလို ဖြစ်သွားနိုင်တယ် လို့လဲ သူက ထောက်ပြ ပါတယ်။

အီဂျစ် အစိုးရမှာ အခက်အခဲ စိန်ခေါ်မှု တွေ နဲ့ ရင်ဆိုင် နေရတာကို နားလည်ပေမယ့် အစိုးရဟောင်း လက်ထက်က အမှားတွေ ကို ပြန်မကျော့ သင့်တော့ဘူး လို့ မစ္စစ် ပီလေးက သမ္မတ မော်စီ ဆီကို စာရေး ခဲ့ပါတယ်။

အခြေခံ ဥပဒေ ကို အသုံးချပြီး အီဂျစ်မှာ အစ္စလာမ် ယဉ်ကျေးမှု စံနှုန်း သတ်မှတ်ချက် တွေ ပြဋ္ဌာန်း လာမှာ၊ လွတ်လပ်ခွင့်တွေ ရုပ်သိမ်း လာမှာကို အလယ်အလတ် လမ်းစဉ် လစ်ဘရယ် ဝါဒီ တွေက စိုးရိမ် နေကြတာပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။