BBC navigation

အီဂျစ်မှာ ဖွဲ့စည်းပုံအတွက် ဆန္ဒခံယူမယ်

နောက်ဆုံး ရေးသားချိန် 2 ဒီဇင်ဘာလ 2012 - 00:49 GMT
egypt-morsi

အီဂျစ်သမ္မတ မိုဟာမက် မော်ဆီ

အီဂျစ် နိုင်ငံမှာတော့ ဖွဲ့စည်းပုံ မူကြမ်းနဲ့ ပတ်သက်လို့ သဘောထား ခံယူပွဲကို လာမယ့် ဒီဇင်ဘာလ ၁၅ ရက် နေ့မှာ ပြုလုပ် သွားမယ်လို့ သမ္မတ မိုဟာမက် မော်ဆီက ကြေညာလိုက် ပါတယ်။

ရုပ်မြင်သံကြား ကနေ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ မစ္စတာ မော်ဆီက အခု ရင်ဆိုင်နေရတဲ့ တင်းမာ မှုတွေ လျော့ကျ သွားစေဖို့ အတွက် အီဂျစ် ပြည်သူတွေ အားလုံး ပါဝင်ကြဖို့ကို ဆော်ဩ လိုက်ပါတယ်။

မစ္စတာ မော်ဆီက အီဂျစ်မှာ အာဏာကို ပြည်သူက ပိုင်ဆိုင်ဖို့ ဆယ်စုနှစ်ပေါင်း များစွာ အိမ်မက် မက်ခဲ့ကြတဲ့ အကြောင်း၊ အခု သူကလည်း ဒါတွေလုပ်နေတဲ့ အကြောင်းနဲ့ အခု အခြေခံ ဥပဒေ မူကြမ်းထဲမှာ ဒါတွေကို သူတွေ့နေပြီ ဖြစ်ကြောင်း၊ ဒီမိုကရေစီ နည်းကျ လူမှု အသိုက်အမြုံတွေကို ဒါကနေပြီး စတင်တည်ဆောက် နိုင်ဖို့ လုပ်နေပြီ ဖြစ်တယ်ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။

အခု ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာ ပြန်လည် ရင်ကြားစေ့ရေးအတွက် အရိပ်အယောင် အနည်းငယ် ပြလိုက်တာမျိုး ဖြစ်နိုင်တယ်လို့ ကိုင်ရိုမြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မစ္စတာ မော်ဆီရဲ့ သမ္မတ အခွင့်အာဏာတွေကို တိုးမြှင့် ပေးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သူ့ရဲ့ အတိုက်အခံ တွေက သူ့ကို အာဏာရှင်သစ် တယောက်လို့ စွပ်စွဲပြီး ဆန့်ကျင် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကတော့ သမ္မတကို ထောက်ခံသူတွေ ဘက်ကလည်း ကိုင်ရိုမြို့ အပါအဝင် အီဂျစ် မြို့ကြီးတွေမှာ ထောက်ခံ ဆန္ဒပြပွဲ တွေ ပြုလုပ် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။