BBC navigation

ပါလက်စတိုင်း သမ္မတ ကို ကြိုဆို

နောက်ဆုံး ရေးသားချိန် 2 ဒီဇင်ဘာလ 2012 - 16:11 GMT
ramallah

ပါလက်စတိုင်း တွေအတွက် တိုင်းပြည်လို့ ရှိလာပြီလို့ ပြည်တော်ပြန် ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်က အနောက်ဘက် ကမ်းမှာ ထောင်နဲ့ချီ ကြိုဆို နှုတ်ဆက် နေကြတဲ့ ပြည်သူ တွေကို ပြောကြား ခဲ့ပါတယ်။

သူတို့ ပြည်သူ တွေရဲ့ လွတ်လပ်ရေး အိပ်မက် တွေနဲ့ နာကျင်မှု တွေကို နယူးယော့ ကို ယူသွားပြီး ချပြ ခဲ့တယ်၊ ကမ္ဘာကလဲ တသံထဲ ထွက်ပြီး ခိုင်ခိုင်မာမာ ရပ်တည် ခဲ့လို့ ပါလက်စတိုင်း ပြည်သူ တွေ အတွက် လွတ်လပ်ရေး ကို ထောက်ခံ ပေးကြကြောင်း၊ နောက်ထပ် ကျူးကျော် အခြေချ သိမ်းပိုက်တာ တွေ လက်မခံဘူးလို့ သမ္မတ အဘတ်စ်က ကြွေးကြော် ခဲ့ပါတယ်။

ပါလက်စတိုင်း ကို ကုလ သမဂ္ဂ မှာ လေ့လာသူ နိုင်ငံ အဆင့် တိုးမြှင့် ပေးတဲ့ မဲရအောင် စွမ်းဆောင် နိုင်ခဲ့တဲ့ မစ္စတာ အဘတ်စ် နယူးယော့ မြို့ ကုလ သမဂ္ဂ အစည်းအဝေး က အပြန် ခရီးကို သူရဲကောင်း တယောက်ကို ကြိုသလို ကြိုဆို နှုတ်ဆက်ကြတာ ဖြစ်ပါတယ်။

လျှောက်ခဲ့ရတဲ့ လမ်းကြောင်းက အင်မတန် ကြာရှည်ပြီး ဖိအားတွေလဲ များလှကြောင်း၊ ဒါပေမယ့် ပါလက်စတိုင်း ပြည်သူတွေက မြန်မြန် လျှောက်လှမ်းပြီး အောင်ပွဲ ခံနိုင်ခဲ့ကြောင်း မစ္စတာ အဘတ်စ်က ရာမလာ မြို့က လူထု ပရိသတ်ကို မိန့်ခွန်း ပေးခဲ့ပါတယ်။

အနောက်ဘက်ကမ်း နဲ့ ဂါဇာ က ဟားမတ်စ် တွေ ကြား တကွဲ တပြား ဖြစ်နေတဲ့ ပါလက်စတိုင်း ပြည်သူတွေ ပြန်လည် ပေါင်းစည်း ရေး အတွက်လဲ မစ္စတာ အဘတ်စ် တောင်းဆို ခဲ့ပါတယ်။

တဘက်မှာလဲ ပါလက်စတိုင်းကို ကုလ သမဂ္ဂမှာ အဆင့်တိုးမြှင့် ပေးလိုက် တာကို တန်ပြန် တဲ့ အနေနဲ့ ဒီလ ပါလက်စတိုင်း အတွက် ကောက်ထားတဲ့ အခွန်ငွေ တွေကို လွှဲပေးမှာ မဟုတ်ဘူး လို့ အစ္စရေး ဘဏ္ဍာ ရေး ဝန်ကြီးက တနင်္ဂနွေ နေ့ အစောပိုင်းမှာ ပြောကြား ခဲ့ပါတယ်။

အကြမ်းဖျဉ်း ဒေါ်လာ သန်း ၁၂ဝ လောက် ရှိတဲ့ ငွေတွေနဲ့ အစ္စရေး လျှပ်စစ် ကုမ္ပဏီ ကို ပါလက်စတိုင်း အာဏာ ပိုင် တွေဘက်က တင်နေတဲ့ အကြွေး ကို ပေးချေ ရာမှာ သုံးမှာ ဖြစ်ကြောင်း အစ္စရေး ဘဏ္ဍာရေး ဝန်ကြီး ယူဗယ် စတိုင်းနစ်ဇ် က ပြောဆိုပါတယ်။

ပါလက်စတိုင်း အရေး ဆုံးဖြတ်ချက် ဟာ အရင် က ဆုံးဖြတ်ချက်တွေကို အကြီးအကျယ် ချိုးဖောက် လိုက်တာ ဖြစ်လို့ ရှုတ်ချကြောင်း၊ အိုးအိမ်သစ် တွေ ဆက်ဆောက်သွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။