BBC navigation

ဓာတုလက်နက် မသုံးဖို့ ဆီးရီးယားကို သတိပေး

နောက်ဆုံး ရေးသားချိန် 4 ဒီဇင်ဘာလ 2012 - 17:36 GMT

ဓာတု လက်နက်ထုတ်သုံးရင် နိုင်ငံတကာကနေ ဆီးရီးယားကို ချက်ခြင်း တုံ့ပြန် သွားမယ်

ဆီးရီးယား အစိုးရ အနေနဲ့ ဘယ်လို အကြောင်း နဲ့ပဲ ဖြစ်ဖြစ် ဓာတု လက်နက်တွေကို ထုတ်သုံး မယ်ဆိုရင် နိုင်ငံတကာ ကနေ ချက်ခြင်း ဆိုသလို တုံ့ပြန် ဆောက်ရွက် သွားမှာ ဖြစ်တယ် လို့ နေတိုး အဖွဲ့ အကြီး အကဲက အန်ဒါးစ် ဖို့ဒ် ရာမူဆန်က ပြောကြားလိုက် ပါတယ်။

ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့မှာ ပြုလုပ် နေတဲ့ နေတိုး အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးမှာ မစ္စတာ ရာမူဆန်က အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ဆက်လက် ဖြစ်ပွားနေတဲ့ ဆီးရီးယား ပြည်တွင်းစစ် အတွင်း အစိုးရ ကနေ ဓာတု လက်နက်တွေ ထုတ်သုံးဖို့ ပြင်ဆင် နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အန်ဒါးစ် ဖို့ဒ် ရာမူဆန် က အခုလို သတိပေး ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ဆီးရီးယား ဘက် ကနေ နယ်စပ် ကျော်ပြီး တူရကီ ဘက်ကို ခြိမ်းချောက် တိုက်ခိုက် လာမယ် ဆိုရင် ပက်ထရီးရော့ ဒုံးခွင်းဒုံး အသုံးပြုပြီး တန်ပြန် တိုက်ခိုက်ရေး အတွက် တူရကီ နိုင်ငံရဲ့ အဆိုပြုချုက်ကို နေတိုး အစည်းအဝေး ကနေ အတည်ပြုဖို့ ရှိနေပါတယ်။

အဲဒီလို အတည်ပြုခဲ့ရင်တော့ တူရကီနိုင်ငံ အရှေ့ တောင်ပိုင်းမှာ ပက်ထရီးရော့ ဒုံးခွင်းဒုံး အမြောက် စခန်းတွေ ချထားမှာ ဖြစ်ပါတယ်။

ဆီးရီးယားနဲ့ ကပ်ရပ် တူရကီ နိုင်ငံ နယ်စပ်တလျှောက် ကာကွယ်ရေးတွေ တိုးမြှင့် ချထားဖို့ တူရကီ အစိုးရက ပန်ကြားခဲ့ အပြီးမှာ နေတိုး အဖွဲ့ဝင် ၂၈ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး တွေ ပါဝင်တဲ့ အစည်း အဝေးကို အခုလို ကျင်းပခဲ့တာပါ။

တူရကီနိုင်ငံ အရှေ့ တောင်ပိုင်းမှာ အခုလို ဒုံးခွင်းဒုံး အမြောက် စခန်းတွေ ချထားရေးဟာ ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်ဖို့ သက်သက်ပဲ ဖြစ်တယ်လို့ နေတိုး တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြတ်ပြတ် သားသား ပြောထားပြီး ဖြစ်ပါတယ်။

လတ်တလောမှာ ဆီးရီးယား အတိုက် အခံ လက်နက်ကိုင်တွေက နေရာ အတော် များများကို ထိန်းချုပ်ထား လိုက်ပြီလို့ သိရပြီး ဆီးရီးယား အစိုးရ အနေနဲ့ တူရကီ နိုင်ငံနဲ့ ကပ်ရပ် နယ်စပ် ဒေသမှာ ရှိတဲ့ အတိုက်အခံ လက်နက်ကိုင် စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက် နေရာမှာ တူရကီ နယ်စပ် မိုင် ၅ ရာ ကျော် လောက် အကွာကို ဒုံးကျည်တွေ ကျလာလေ့ ရှိတာပါ။

အခုဆို အခြေအနေက ပိုဆိုး လာနိုင်တယ်လို့ တူရကီ ဘက်က စိုးရိမ်နေပါတယ်။ ဓါတု ထိပ်ဖူးတပ် တိုက်ချင်းပစ် ဒုံးကျည်တွေကို ဆီးရီးယား အစိုးရက အသုံးပြုနေတယ် ဆိုတဲ့ ထောက်လှမ်းရေး သတင်း အချက် အလက်တွေ ပေါ်ထွက်ခဲ့ အပြီးမှာ အခုလို ဒုံးခွင်းဒုံး စခန်းတွေ ထားပေးဖို့ တူရကီက ပန်ကြားလိုက်တာပါ။

ဒါပေမယ့်လည်း အခုလို တူရကီ နိုင်ငံမှာ ဒုံးခွင်းဒုံး စခန်းတွေ ထားရှိရေးဟာ နောက်ထပ် သီတင်းပတ်နဲ့ ချီ ကြာဖို့ ရှိတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

ဆီးရီးယား အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်ကတော့ ဆီးရီးယား နိုင်ငံမှာ ဒီလို ဓါတု လက်နက်တွေ ရှိခဲ့မယ် ဆိုရင်တောင် ဘယ်လို အခြေအနေ မျိုးမှာပဲ ဖြစ်ဖြစ် ဒီဓါတု လက်နက်တွေကို သုံးမှာ မဟုတ်ဘူးလို့ အခိုင် အမာ ပြောနေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။