BBC navigation

ဖိလစ်ပိုင်မှာ တိုင်ဖုန်းကြောင့် လူနှစ်ရာကျော်သေဆုံး

နောက်ဆုံး ရေးသားချိန် 5 ဒီဇင်ဘာလ 2012 - 16:20 GMT

မုန်တိုင်းဒဏ်ကြိုတင် ကာကွယ်မှုတွေကြောင့် လူ့အသက် အတော်များများကို ကယ်လိုက်နိုင်ခဲ့

ဖိလစ်ပိုင်နိုင်ငံမှာ ဘိုဖါ တိုင်ဖွန်းမုန်တိုင်း ကြောင့် သေဆုံးသူပေါင်း လောလောဆယ် နှစ်ရာ ကျော်သွားပါပြီ။

နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းစုအရှေ့ပိုင်းမှာရှိတဲ့ Compostela ချိုင့်ဝှမ်း ဒေသ တခုထဲမှာတင် မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူပေါင်း ၁၅၀ကျော် ရှိတယ်လို့ သိရပါတယ်။

အဲဒီဒေသက တောင်ကြား ချိုင့်ဝှမ်းထဲမှာ ရှိတဲ့ ရွာတခုမှာ တောင်ပေါ်ကနေ လှိမ့်စီးလာတဲ့ မြစ်ရေ၊ရွှံ့နွံတွေဟာ မုန်တိုင်းသင့် ဒုက္ခသည်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်းတခုနဲ့ ရွာအဆောင် ခန်းမ တခုထဲ အလုံးအရင်းနဲ့ ဖုံးလွှမ်းသွား တဲ့အတွက် အနည်းဆုံး လူ၄၃ဦး သေဆုံးခဲ့ရပြီး လူအတော်များများ ပျောက်ဆုံး ဒါဏ်ရာ ရခဲ့ကြရာမှာ အဲဒီထဲမှာ ဒုက္ခသည်တွေကို လာရောက်ကူညီနေတဲ့ စစ်သားတွေလည်း ပါတယ်လို့ သိရပါတယ်။

အခု ဘိုဖါ တိုင်ဖွန်း မုန်တိုင်း တိုက်ခဲ့တဲ့ လမ်းကြောင်း တလျှောက်မှာပဲ မနှစ်တုန်းကလည်း ဝါရှီလို့ အမည်ပေးထားတဲ့ မုန်တိုင်းတခု တိုက်ခတ်ခဲ့ပါတယ်။

အဲဒီတုန်းက ဝါရှီ မုန်တိုင်းကြောင့် လူထောင်နဲ့ ချီ သေဆုံးခဲ့ရပါတယ်။

အခုတိုက်ခတ်ခဲ့တဲ့ ဘိုဖါ မုန်တိုင်းဟာ ဝါရှီမုန်တိုင်းထက် အများကြီး အားပြင်းတာ တွေ့ရပါတယ်။

ဒါပေမယ့်လည်း ဒီတခေါက်မှာတော့ အဲဒီတုန်းကထက် ကြိုတင် ပြင်ဆင်မှုတွေ ရှိခဲ့ပါတယ်။

မုန်တိုင်းမလာခင် ကြိုတင်ပြီး ဖုန်းmessage တွေ၊ သတင်းမီဒီယာတွေကနေ တဆင့် ကြိုတင် သတိပေးတာမျိုးတွေ လုပ်ခဲ့သလို အစိုးရကလည်း အထူး အင်တာနက် website တခု ဖွင့်ပြီး မုန်တိုင်းအကြောင်း အသိပေးတာမျိုး၊ ပန်ကြားချက်တွေ ထုတ်ပြန်တာမျိုးတွေ လုပ်ခဲ့ပါတယ်။

ဒါ့အပြင် မုန်တိုင်းဒဏ်အန္တရာယ် အများဆုံး ရှိနိုင်မယ့် နေရာတွေကလူတွေကို ဘေးကင်းရာနေရာတွေဆီ စစ်သားတွေက သွားရောက်ပို့ဆောင်ပေးတာမျိုးတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။

တခါ အဲဒီတုန်းက ဝါရှီ မြစ်ရေလျှံမှုဟာ အခုတခါထက် အတိုင်းအတာ ပမာဏအရ အများကြီး ပိုများခဲ့ပါတယ်။

နောက်ပြီး ဘိုဖါ မုန်တိုင်းဟာ မုန်တိုင်းဒဏ် ခံနိုင်ရည်နည်းတဲ့ ဧရိယာတွေဆီ မရောက်ခင် အားပျော့သွားတာလည်း တကြောင်း ပါပါလိမ့်မယ်။

ဒီတခေါက်မှာတော့ ကြိုတင်ပြင်ဆင် ကာကွယ်မှုတွေကြောင့် လူ့အသက် အတော် များများကို ကယ်ဆယ်လိုက်နိုင်ခဲ့တယ်လို့ သုံးသပ်နေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။