BBC navigation

ထိုင်းဝန်ကြီးချုပ်ဟောင်း လူသတ်မှု စွပ်စွဲခံရ

နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2012 - 15:44 GMT
ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီစစ်

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီစစ်

လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲတွေဖြစ်ပြီးတဲ့နောက် လူ၆၀၀ကျော်ကို ရာဇဝတ်မှုတွေနဲ့အာဏာပိုင်တွေက တရားစွဲဆိုခဲ့ပါတယ်။ အများစုကတော့ အစိုးရကို ဖြုတ်ချဖို့ကြိုးစားတဲ့ အတိုက်အခံရှပ်နီ အုပ်စုတွေကလူတွေကို စွဲဆိုတာ ဖြစ်ပါတယ်။

လူအခွင့်အရေးအဖွဲ့တွေကတော့ ကျည်ဆံအစစ်တွေ သုံးပြီးပစ်ခတ်နှိမ်နင်းလို့လူပေါင်း၉၀ကျော်သေတဲ့အပေါ်တာဝန်ရှိသူတွေကို ဖေါ်ထုတ်အရေးယူဖို့ အစဉ်တစိုက်တောင်းဆိုခဲ့ပါတယ်။ အခုတော့ ထိုင်းအစိုးရ အထူးစုံစမ်းစစ်ဆေးရေးဌာနက ဝန်ကြီးချုပ်ဟောင်းအဘီစစ်နဲ့သူ့ရဲ့လက်ထောက် ဆူသက်တို့ကို ၂၀၁၀ မေလအတွင်း တက်စီ မောင်းသမားတယောက် ပစ်သတ်ခံရတာနဲ့ပါတ်သက်လို့ အမှုရင်ဆိုင်ရမယ်လို့ ဆင့်ဆိုပြောကြားခဲ့ပါတယ်။ သူတို့နှစ်ယောက်က စစ်သားတွေကို ပစ်မိန့်ပေးတဲ့နေရာမှာ တာဝန်ရှိတယ်လို့ စွပ်စွဲထားပါတယ်။ အပစ်ရှိကြောင်းစုံစမ်းတွေ့ရှိရင် ထိုင်းဥပဒေအရ သေဒဏ်ချမှတ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလိုပေးမယ့်ပုံ ဖြစ်နိုင်ချေသိပ်မရှိပါဘူး။

အကြမ်းဖက်မှုတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ နိုင်ငံရေးအရ စွပ်စွဲတာဖြစ်လို့ တဖက်နဲ့တဖက် အလှမ်းကွာဟနေတဲ့ ထိုင်းနိုင်ငံရေးလောကမှာ အငြင်းပွားပြီး အဖြေထုတ်ရခက်နေပါတယ်။ သေဆုံးမှုတွေအတွက် ဘယ်ပါတီမှာ အပစ်ရှိတယ်ဆိုတာကို အမှန်တရားဖေါ်ထုတ်ရေးနဲ့ ရင်ကြားစေ့ရေးကော်မရှင်က အတိအကျမပြောနိုင်ဘဲ နှစ်ဘက်စလုံးကိုတော့အပစ်တင်ထားတာတွေ့ရတယ်လို့ ဘန်ကောက်ရှိဘီဘီစီသတင်းထောက် ဂျွန်နသန်ဟက်က သတင်းပေးပို့ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။