BBC navigation

သူနာပြု သေဆုံးမှု သြစတြေးလျ ရေဒီယို ပြောဆို

နောက်ဆုံး ရေးသားချိန် 10 ဒီဇင်ဘာလ 2012 - 16:14 GMT
australia

အဖြစ်ဆိုးနဲ့ ကြုံရမယ်လို့ လုံးဝ မမှန်းမိ

လန်ဒန်က သူနာပြု သေဆုံးရမှု အတွက် အင်မတန် ကြေကွဲ ဝမ်းနည်းရတယ်လို့ ဝီလျံ မင်းသားရဲ့ ကြင်ယာတော် ကက်သရင်း မင်းသမီး တက်ခဲ့တဲ့ လန်ဒန် ဆေးရုံ ကို ဟန်ဆောင်ပြီး ဖုန်း ခေါ်ခဲ့တဲ့ သြစတြေးလျ ရေဒီယို အစီအစဉ် တင်ဆက်သူ ၂ ယောက် က ပြောကြား လိုက်ပါတယ်။

ဖုန်းဖြေကြား ခဲ့တဲ့ သူနာပြု Jacintha Saldanha သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ဖုန်းခေါ်ခဲ့တဲ့ သြစတေးလျ အခြေစိုက် ရေဒီယို ပိုင်ရှင် Rhys Holleran က အင်မတန် မှ ဝမ်းနည်းရကြောင်းနဲ့ နောင်တ ဖြစ်စရာ ကိစ္စ ဖြစ်ကြောင်း ပြောဆို ခဲ့ပေမယ့် အခုလို ဖြစ်လာမယ် ဆိုတာ ဘယ်လိုမှ မျှော်မှန်း မထားဘူးလို့ ပြောကြားပါတယ်။

ဖုန်းခေါ်ပြီး ၃ ရက် အကြာမှာ သူနာပြု ဂျက်ဆင်သာ ဆယ်လ်ဒါနာ သေဆုံး နေတာကို တွေ့ရှိ ခဲ့ပြီးနောက် သူတို့ ၂ ယောက် ပထမဆုံး အကြိမ် အင်တာဗျူး ဖြေဆို ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အဖြစ်ဆိုးနဲ့ ကြုံရလိမ့်မယ်လို့ လုံးဝ မှန်းဆ မထားမိဘဲ ကိန်းဘရစ် မြို့စား ကတော် နား မရောက်ခင်မှာ ဆေးရုံ ဝန်ထမ်း တွေက ဖုန်းချ ပစ်လိမ့်မယ်လို့ မျှော်လင့် ထားခဲ့ကြောင်း ဆေးရုံ ကို ဘုရင်မကြီးနဲ့ ချားလ် မင်းသား ဟန်ဆောင်ပြီး ဖုန်း ခေါ်ခဲ့တဲ့ အစီအစဉ် တင်ဆက်သူ တွေက ပြောပါတယ်။

အဲဒီ ဖုန်းခေါ်ယူမှုနဲ့ ပတ်သက်ပြီး ရေဒီယိုကနေ မထုတ်လွှင့်ခင်မှာ သေဆုံးခဲ့တဲ့ သူနာပြု အပါအဝင် သတ္တမဂျော့ ဆေးရုံက သူနာပြုတွေရဲ့ သဘောတူညီချက် ရဖို့ သူတို့ဘက်က ၅ ကြိမ် ကြိုးစားခဲ့တယ်လို့ မဲလ်ဘုန်း အခြေစိုက် 3AW ရေဒီယို နဲ့ မေးမြန်းခန်းမှာ မစ္စတာ Halloran က ပြောကြား ခဲ့ပါတယ်။

မစ္စတာ Halloran ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဆေးရုံဘက်က ဘာမှ မှတ်ချက် ပေး ပြောကြားခဲ့တာ မရှိခဲ့ပါဘူး။

ရေဒီယို ဌာနက ဆေးရုံ သူနာပြုတွေကို ဖုန်းခေါ်တုန်းက အဲဒီဖုန်းကို အသံသွင်း ထားတဲ့ အကြောင်း မပြောခဲ့ရင်၊ ဒါမှမဟုတ် အဲဒီ အသံသွင်း ထားတဲ့ ဖိုင်ကို ရေဒီယို ကနေ ထုတ်လွှင့်ဖို့ ခွင့်ပြုချက် မတောင်းခဲ့ဘူး ဆိုရင် ဥပဒေ အချက် အလက် အတော် များများကို ချိုးဖောက်ရာ ကျတယ်လို့ သြစတေးလျ ဥပဒေ ကျွမ်းကျင်သူ တွေက ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။