BBC navigation

လာမယ့်အနှစ်၂၀မှာ အာရှက ဥရောပနဲ့ အမေရိကထက် ပိုသြဇာကြီးမယ်

နောက်ဆုံး ရေးသားချိန် 11 ဒီဇင်ဘာလ 2012 - 01:15 GMT
အမေရိကန်ရဲ့ ထောက်လှမ်းရေးအစီရင်ခံစာ ထုတ်ပြန်

အမေရိကန်ရဲ့ ထောက်လှမ်းရေး အစီရင်ခံစာ ထုတ်ပြန်


အမေရိကန် ထောက်လှမ်းရေး ဆိုင်ရာ စိစစ်သုံးသပ်သူတွေက မဟာဗျူဟာ ကျကျ တွေးခေါ်နိုင်အောင် ရည်ရွယ်ပြီး Global Trends 2030 အစီရင်ခံစာ ထုတ်ပြန် လိုက်ပါတယ်။ အဲဒီအထဲမှာ အမေရိကန်နိုင်ငံက မူဝါဒဆုံးဖြတ်ချက် ချမယ့် ပုဂ္ဂိုလ်တွေ စဉ်းစားစရာ အများကြီး ပါဝင်ပါတယ်။

ဥပမာအားဖြင့် တရုတ်နိုင်ငံဟာ နောင်အနှစ်၂၀မတိုင်မီ အမေရိကန်ကို ကျော်ပြီး ကမ္ဘာ့အကြီးဆုံးစီးပွားရေး ဖြစ်လာမယ်ဆိုတဲ့အချက်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၃၀ ရောက်ရင် အာရှတိုက်ဟာ မြောက်အမေရိကနဲ့ ဥရောပတိုက် နှစ်ခုပေါင်းထက် အရာရာမှာ ပိုသြဇာကြီးမယ်လို့ ဆိုထားပါတယ်။ ဒီနေရာမှာ လူဦးရေ၊ ဂျီဒီပီ အမျိုးသားအသား တင်ထုတ်လုပ်မှု၊ စစ်ရေးအသုံးစရိတ်နဲ့ အတတ်ပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ မှာပါ သာလွန်မှာ ဖြစ်ပါတယ်။

သဘာဝဓါတ်ငွေ့ထုတ်လုပ်တဲ့ နည်းလမ်းအသစ်တွေကြောင့် အမေရိကန်နိုင်ငံဟာ စွမ်းအင်မှာ အမှီအခို ကင်းလာနိုင်တယ်လို့ အစီရင်ခံစာကဆိုပါတယ်။ နောက်တခါ အာဖဂန်နစ်စတန်က တပ်တွေရုပ်သိမ်းပြီးရင် အကြမ်းဖက် တိုက်ခိုက်မှုတွေ နည်းလာနိုင်တယ်လို့လည်း ထောက်ပြထားပါတယ်။ ဒါပေမယ့် cyber attack လို့ခေါ်တဲ့ အင်တာနက်ကတဆင့် ဝင်ရောက်တိုက်ခိုက်မှုတွေတော့ ပိုများလာနိုင်တယ်လို့ သတိပေးထားပါတယ်။

နိုင်ငံတကာဘက်က ကြည့်ရင် တိုးတက်တဲ့ နိုင်ငံတွေမှာ သက်ကြီးရွယ်အိုတွေ ပိုများလာတာနဲ့အမျှ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးပြီး လူနေမှုအဆင့်အတန်းတွေ ကျလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ နောက်တခါ နိုင်ဂျီးယားတို့ ပါကစ္စတန်တို့လို နိုင်ငံတွေမှာ လူဦးရေတိုးနှုန်း မြန်ဆန်တဲ့အတွက် စားနပ်ရိက္ခာ ရှားပါးမှု၊ ရေအခက်အခဲတွေကြောင့် စစ်ပွဲတွေလည်းဖြစ်လာနိုင်တယ်လို့ အမေရိကန်နိုင်ငံထုတ် Global Trends 2030 ဆိုတဲ့ စီးပွားရေးနဲ့ လုံခြုံရေးကို သုံးသပ်တဲ့ထောက်လှမ်းရေးအစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။