BBC navigation

အငြင်းပွား ကျွန်းစုပေါ် တရုတ် လေယာဉ်ပျံသန်း

နောက်ဆုံး ရေးသားချိန် 13 ဒီဇင်ဘာလ 2012 - 17:28 GMT

ကျွန်းစုတွေ အနားက ပင်လယ်ပြင်မှာ ပင်လယ် ထွက် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ တွေ ရှိနေ နိုင်တယ်လို့ ခန့်မှန်း

အရှေ့ တရုတ် ပင်လယ်က သူပိုင် ငါပိုင် အငြင်းပွား နေတဲ့ ကျွန်းစုတွေ ပေါ်ကို တရုတ် လေယာဉ် တစင်း ပျံသန်း ခဲ့တဲ့ အတွက် ဂျပန် နိုင်ငံက ချက်ခြင်း ဆိုသလို အဲဒီ လေပိုင် နက် ထဲကို သူတို့ရဲ့ ဂျက် လေယာဉ်တွေ ပျံတက် ခဲ့ပြီး တရုတ်တို့ရဲ့ ကျူးကျော်မှုကို ကန့်ကွက် ကြောင်း ပြသလိုက် ပါတယ်။

တရုတ် ရေပိုင်နက်ကို စောင့်ရှောက်ဖို့ ထားတဲ့ တရုတ် ပင်လယ်ပြင် အုပ်ချုပ်ရေး ဌာနက လေယာဉ်တွေ ပျံသန်း လာတာကို ဒေသ စံတော်ချိန် ၁၁ နာရီ လောက်မှာ တွေ့ခဲ့ရ တာနဲ့ ဂျပန်ဘက် ကလည်း ချက်ချင်း ဆိုသလို သူတို့ရဲ့ အက်ဖ် ၁၅ တိုက်လေယာဉ် ၈ စင်းကို စေလွှတ် လိုက်တယ်လို့ ဂျပန် ဘက်က ပြောခွင့် ရသူက ပြောပါတယ်။

ဂျပန် ကာကွယ်ရေး ဝန်ကြီး ဌာန ကတော့ ၁၉၅၈ ခုနှစ် က စလို့ စစ်ဘက် မှတ်တမ်းတွေ ထားရှိ ခဲ့တဲ့ အချိန်က စပြီး ဒါဟာ ဂျပန်ရဲ့ လေပိုင်နက်ကို တရုတ် ဘက်က ပထမဆုံး ကျူးကျော် ဝင်ရောက်မှုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ် ကတော့ တရုတ် စစ်လေယာဉ် ၂ စင်း အဲဒီ အနားက ဖြတ်ပြီး ပျံသန်းခဲ့ဖူး ပေမယ့် ဂျပန် လေပိုင်နက် ထဲကိုတော့ ဝင်ရောက် တာမျိုး မရှိခဲ့ပါ။

တရုတ်တို့ ဘက်ကတော့ ဒီကျွန်းစုတွေဟာ ဟိုအရင် ရှေး အချိန် ကတည်းက တရုတ်တို့ ပိုင် ဖြစ်တာ ကြောင့် အခုလို ကင်းထောက် မရိမ်း လေယာဉ် တစင်း ပျံသန်း တာဟာ သာမန် ကိစ္စသာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုနှစ် အစောပိုင်းက ဒီကျွန်းစုတွေ ပိုင်တဲ့ ဂျပန်တွေ ဆီကနေ ဂျပန် အစိုးရက ကျွန်းတွေကို ဝယ်ယူပြီး နောက်ပိုင်း တရုတ် သင်္ဘောတွေဟာ ဒီအငြင်းပွား ပင်လယ် ပြင်ထဲ ထပ်ခါ တလဲလဲ ဝင်ရောက် သွားလာ စစ်ဆေး မှုတွေ ပြုလုပ် နေတာ ဖြစ်ပါတယ်။

အဲဒီ ကျွန်းစုတွေကို ထိုင်ဝမ် ဘက်ကလည်း သူတို့ ပိုင်ဆိုင်ကြောင်း ပြောနေပေယ့် လောလောဆယ် မှာတော့ ဂျပန်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

အဲဒီ ကျွန်းတွေဟာ အရေး ပါတဲ့ ပင်လယ်ကူး သင်္ဘော လမ်းကြောင်းတွေ နဲ့ နီးစပ် နေတာ အပြင်၊ ကျွန်းစုတွေ အနားက ပင်လယ်ပြင်မှာ ပင်လယ်ထွက် သယံဇာတတွေ သာ မကဘဲ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ တွေလည်း ရှိနေ နိုင်တယ်လို့ ခန့်မှန်း နေကြပါတယ်။

လွန်ခဲ့တဲ့ ၇၅ နှစ်၊ ၁၉၃၇ ခုနှစ်က တရုတ်ရဲ့ မြို့တော်ဟောင်း နန်ကျင်းမှာ ဂျပန် တပ်ဖွဲ့တွေက တရုတ်ပြည်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ နှစ်ပတ် လည်နေ့မှာ တရုတ်တို့က အခုလို လေယာဉ် ဖြတ်ပျံခဲ့တာ ဖြစ်နေပါတယ်။

အဲဒါကြောင့် အခုလို တရုတ်ဘက်က ဂျပန်ရဲ့ လေပိုင်နက်ကို ကျူးကျော် ဝင်ရောက် ခဲ့တာဟာ တရုတ်ဘက်က ကျွန်းစုတွေ နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေကို အရှိန် မြှင့် ချင်တာလား၊ ဒါမှမဟုတ် ကမ္ဘာ မကျေ ဖြစ်နေတဲ့ သမိုင်းကြွေးကို အသိ ပေးချင်တဲ့ သဘောလား ဆိုတာတော့ မသဲကွဲဘူးလို့ တိုကျိုက ဘီဘီစီ သတင်းထောက် ရူးပတ် ဝင်းဖီးလ်ဒ် ဟေးစ်က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။