BBC navigation

လစ်ဗျား အတိုက်အခံကို ဗြိတိန်သန်းချီလျော်

နောက်ဆုံး ရေးသားချိန် 14 ဒီဇင်ဘာလ 2012 - 00:48 GMT
libya sami

ဟောင်ကောင်မှာ ဖမ်းပြီးနောက် လစ်ဗျားကို လွှဲခဲ့

လစ်ဗျားမှာ ဗိုလ်မှူးကြီးကဒါဖီအစိုးရလက်ထက်က အတိုက်အခံဟောင်းတစ်ဦးကို ဗြိတိန်အစိုးရက လျော်ကြေးအဖြစ် ပေါင် ၂ ဒသမ ၂ သန်း ပေးလိုက်ပါပြီ။

ပြည်ပမှာ နေထိုင်နေတဲ့ လစ်ဗျား အတိုက်အခံ Sami Al-Saadi ဟာ ၂၀၀၄ ခုနှစ်တုန်းက ဟောင်ကောင်မှာ ရောက်ရှိစဉ် အဖမ်းခံရပြီး သူနဲ့အတူ အမျိုးသမီးနဲ့ သားသမီး ၄ ဦးကို လစ်ဗျားကို အတင်းအကျပ် လွှဲပြောင်း ပေးခံရမှုမှာ ဗြိတိန်အစိုးရ ပါတယ်လို့ စွပ်စွဲပြီးနောက် ဗြိတိန် အစိုးရ သူ့ကို လျော်ကြေးပေးဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။

Mr. Al-Saadi ဟာ ဗိုလ်မှူးကြီး ကဒါဖီအစိုးရကို ဆန့်ကျင်သူဖြစ်ပြီး နှစ်ပေါင်းများစွာ ထွက်ပြေး တိမ်းရှောင်နေရသူ ဖြစ်ပါတယ်။ သူဟာ ကဒါဖီအစိုးရ ပြုတ်ကျရေး လှုပ်ရှားတဲ့ လစ်ဗျား အစ္စလာမ်မစ် တိုက်ခိုက်ရေး အဖွဲ့ကို ပါဝင်ကူညီ တည်ထောင် ဖွဲ့စည်းခဲ့သူလည်း ဖြစ်ပါတယ်။

ဟောင်ကောင်မှာ သူအဖမ်းခံရပြီးနောက် လစ်ဗျားမြို့တော် ထရစ်ပိုလီမြို့ကို အလွှဲခံရပြီး ထောင် ၆ နှစ် အချခံရပါတယ်။ အကျဉ်းကျစဉ်မှာ ရိုက်နှက်ခံရတယ်၊ လျှပ်စစ်ကျင်စက်နဲ့ တို့တယ်၊ ကြိမ်နဲ့ ရိုက်တယ်၊ အမျိုးမျိုး နှိပ်စက် ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

အခုကိစ္စမှာ ဗြိတိန်ပါဝင် ပတ်သက်တယ် ဆိုတာကလည်း ကဒါဖီအစိုးရ ပြုတ်ကျ ပြီးနောက် သူ့ရုံးထဲက ထွက်လာတဲ့ စာရွက်စာတမ်းတွေအရ ပြောဆိုမှုတွေ ရှိလာတာ ဖြစ်ပါတယ်။

သူ့ မိသားစုဝင် အားလုံး အနှိပ်စက်ခံရ မယ်ဆိုတာသိနိုင်ရက်ရဲ့ ဗြိတိန်အစိုးရက လွှဲပြောင်းမှုမှာ ကူညီခဲ့တယ်၊ ဒါပေမယ့် ဗြိတိန်အစိုးရ ကတော့ သူတို့မှာ တာဝန်ရှိတယ် ဆိုတာ မပြောသေး တဲ့အတွက် သူသိချင်တဲ့ မေးခွန်းအဖြေ မသိရသေးဘူးလို့ Mr. Al-Saadi က ဆိုပါတယ်။

ဒါပေမယ့် ဒီလို လျော်ကြေးပေးတာ ကြည့်ရင်တော့ ပါဝင်နေတာဆိုတာ ရှင်းနေတာပဲ လို့ Mr. Al-Saadi ကပြောပါတယ်။

ဒီကိစ္စအပေါ် ရဲစုံစမ်းမှုတွေတော့ ဆက်လုပ်နေပါတယ်။ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်တရပ် အသေအချာ ဖွဲ့ပြီး လုပ်ဆောင်ဖို့လည်း Mr. Al-Saadi က မျှော်လင့်နေပါတယ်။

အခုရတဲ့ ဒေါ်လာ ၃ သန်းလောက်ကို သူထောင်အတွင်းမှာ နှိပ်စက်ခံရတဲ့ ဒဏ်တွေကို ကုသရေးမှာ အသုံးပြုမယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။