BBC navigation

အမေရိကန် ကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွား

နောက်ဆုံး ရေးသားချိန် 14 ဒီဇင်ဘာလ 2012 - 18:29 GMT

ပစ်ခတ်မှုကြောင့် ကလေး အယောက် ၂ဝ သေဆုံး

အမေရိကန် အရှေ့မြောက်ပိုင်း ကွန်နက်တီကတ် ပြည်နယ် မူလတန်းကျောင်း တကျောင်းက ကလေး အယောက် ၂ဝ နဲ့ လူကြီး ၆ ယောက်ကို သေနတ် သမား တယောက်က ပစ်သတ် သွားခဲ့မှုဟာ ခေတ်သစ် အမေရိကန် သမိုင်းမှာ အဆိုးရွားဆုံး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကြီး ဖြစ် ခဲ့ပါတယ်။

သေနတ် သံတွေ ရာနဲ့ချီ ကြားခဲ့ရပြီး တုန်လှုပ် ခြောက်ခြား နေတဲ့ ကလေးငယ်တွေ နယူးတောင်း မြို့ Sandy Hook မူလတန်း ကျောင်းက ထွက်ပြေး လာကြတာကို တွေ့ရတယ်လို့ မျက်မြင်တွေက ပြောကြား ပါတယ်။

သေနတ်သမား သူ့ကိုယ်သူ အဆုံးစီရင် သွားပြီး သူနဲ့ ဆက်နွယ် နေတဲ့ တနေရာမှာ နောက်ထပ် အလောင်း တလောင်း ထပ်တွေ့တယ် လို့ ရဲ ဘက်ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ပါတယ်။

အသက် ၂ဝ အရွယ် သေနတ် သမားက သူ့မိခင် ကျောင်းဆရာမ ရဲ့စာသင်ခန်း ကို ဦးတည် ပစ်ခတ် ခဲ့တယ်လို့ ယူဆရ ပြီး မိခင် ဖြစ်သူလဲ သေဆုံးသူတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။

အဲဒီစာသင်ကျောင်းလေးဟာ အသက် ၅ နှစ်ကနေ ၁၀ နှစ်အထိ ကလေးတွေ ပညာသင်ကြားနေကြတဲ့ ကျောင်းဖြစ်ပါတယ်။

နယူးတောင်း မြို့ လူထု ကလဲ ပစ်ခတ်မှု သေဆုံး ရသူတွေ အတွက် ဆုတောင်း မေတ္တာ ပို့ခဲ့ကြ ပါတယ်။

အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ အင်မတန်မှ စိတ်ထိခိုက် တုန်လှုပ် နေတဲ့ သမ္မတ အိုဘားမားက ကွန်နက်တီကတ် သတ်ဖြတ်မှု လို ကြေကွဲစရာ အဖြစ်ဆိုးတွေ အမေရိကန်နိုင်ငံမှာ ကြုံရတာ များလှပြီ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

တိုင်းပြည်နဲ့ချီပြီး နာကြည်း ဝမ်းနည်းစရာ ဒီလို ပစ်ခတ်မှုတွေ နောက်ထပ် မဖြစ်ပွားရေး အတွက် အမေရိကန် အနေနဲ့ ဂရုစိုက် လုပ်ဆောင် ရတော့မှာ ဖြစ်ကြောင်း၊ အမေရိကန် မိဘ တိုင်း သူ့လိုပဲ သောက တောင်လိုပုံအောင် ခံစား ကြရတယ်လို့ မစ္စတာ အိုဘားမားက မျက်ရည်တွေ သုတ်ရင်း ပြောကြား ခဲ့ပါတယ်။

သေဆုံး ခဲ့ရတဲ့ ၁ဝ နှစ် အောက် ကလေး ငယ် တွေရဲ့ အနာဂတ် ဘဝ တွေကို နုတ်ယူ ပစ်လိုက်တာမို့ ဒါဟာ သူတို့ ဘဝ အောင်မြင်မှုတွေနဲ့ သူတို့ရဲ့ အနာဂတ် မျိုးဆက် တွေ ရဲ့ ဘဝ တွေကိုပါ ရိုက်ချိုး ဖျက်ဆီး လိုက်တာနဲ့ အတူတူပဲ လို့ မစ္စတာ အိုဘားမားက ဆို့နစ် ကြေကွဲစွာ ပြောကြား ခဲ့ပါတယ်။

ကွန်နက်တီကတ် ပြည်နယ်က သတ်ဖြတ်မှု တွေဟာ အမေရိကန် မှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် တွေထဲက နောက်ဆုံးတခု ဖြစ်တာမို့ အမေရိကန် ရဲ့ သေနတ် ပိုင်ဆိုင်ခွင့် ဥပဒေတွေကို ပြန်လည် သုံးသပ်ဖို့ ဆွေးနွေးမှုတွေ ပေါ်လာတော့မှာ ဖြစ်ပါတယ်။

ဒီအချိန်မှာမှ သေနတ် ကိုင်ဆောင်မှု ထိန်းချုပ်ဖို့ကို လေးလေးနက်နက် မစဉ်းစားရင် ဘယ်အချိန် ကျမှ စဉ်းစားမယ် မသိဘူးလို့ ဒီမိုကရက် အောက်လွှတ်တော် အမတ် Jerrold Nadler ကဆိုပါတယ်။

အမေရိကန် အခြေခံ ဥပဒေမှာ ပြဋ္ဌာန်း ထားတဲ့ သေနတ် ကိုင်ဆောင်ခွင့်ကို ဆန့်ကျင်ပြီး ဒီလို ထိန်းချုပ်ဖို့ ကြိုးစားမှုတွေကြောင့် အချေအတင် အငြင်းပွားစရာ ဖြစ်နေပါတယ်။

တိုက်ခိုက်ရေး သေနတ် တွေ ကိုင်ဆောင်ခွင့်ကို သမ္မတ ဘီလ် ကလင်တန် လက်ထက် ၁၉၉၄ ခုနှစ်က တားမြစ် ခဲ့ပေမယ့် နောက် ၁ဝ နှစ် အကြာ ဂျော့ ဒဗလျူ ဘုရှ် လက်ထက်မှာတော့ ဒီတားမြစ်ချက်တွေ ပျက်ပြယ် သွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။