BBC navigation

သေနတ်ပိုင်ဆိုင်ခွင့် ပြန်သုံးသပ်ရန်တိုက်တွန်း

နောက်ဆုံး ရေးသားချိန် 15 ဒီဇင်ဘာလ 2012 - 15:58 GMT

ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ အမေရိကန်အလံကို တိုင်တဝက်အထိ ချထားပါတယ်။

ခေတ်သစ် အမေရိကန် သမိုင်းမှာ အဆိုးရွားဆုံး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကြီးထဲက တခုဖြစ်တဲ့ သောကြာနေ့ ပစ်ခတ်မှုတွေ အပြီးမှာ အခုလို အဖြစ်ဆိုးမျိုး နောင်မှာ မဖြစ်ပွားအောင် သမ္မတ အိုဘားမား အပါအဝင် နိုင်ငံရေး သမား အတော်များများ က အမေရိကန် ရဲ့ သေနတ် ပိုင်ဆိုင်ခွင့် ဥပဒေတွေကို ပြန်လည် သုံးသပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာ နိုင်ငံတဝှမ်းလုံးကို ခြုံကြည့်မယ်ဆိုရင် အခုလို ကြေကွဲဖွယ် အဖြစ်ဆိုးတွေ အဖြစ်များလွန်းနေပါတယ်။ ဒါကြောင့် အဲလို အဖြစ်ဆိုးတွေ ကိုယ့်ပတ်ဝန်းကျင်မှာ မဖြစ်လာအောင်လို့ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ လုပ်သွားဖို့ လိုအပ်တဲ့အကြောင်း၊ ဘယ် နိုင်ငံရေး အသင်းအဖွဲ့ကပဲ ဖြစ်စေ ဒီကိစ္စကို ပူးပေါင်းပါဝင်ဖို့ သမ္မတ အိုဘားမားက သူ့ရဲ့ အပတ်စဉ် ရေဒီယိုမိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။

ကွန်နက်တီကတ် ပြည်နယ်က မူလတန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး အလွန်တရာ ဝမ်းနည်းကြောင်း နဲ့ အံအားသင့်မှုတွေ ဖြစ်ရကြောင်း ကမ္ဘာတဝှမ်း က ခေါင်းဆောင်တွေက ထုတ်ဖော်ခဲ့ကြပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလ်လတ် က ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အခုလိုလုပ်ရပ်ဟာ နားမလည်နိုင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

၁၉၉၆ ခုနှစ်က သြစတြေးလျနိုင်ငံ တက်စ်မေးနီးယား မှာ အစုလိုက် အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆီးမီး အော်တို ရိုက်ဖယ် ကိုင်ဆောင်မှုတွေ ပိတ်ပင်မှု အပါအဝင် သေနတ် နဲ့ ပတ်သက်တဲ့ ပိုမိုတင်းကျပ်တဲ့ ဥပဒေ ပြဌာန်းချက်တွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အခု နောက်ဆုံး ကွန်နက်တီကတ် မူလတန်းကျောင်းတွင်း ပစ်ခတ်မှုနဲ့ ဆက်စပ်ပြီး နိုင်ငံတကာ မီဒီယာတွေနဲ့ လူမှုကွန်ယက် ဝက်ဆိုက်တွေမှာ ဆွေးနွေးမှုတွေ လုပ်ဆောင်လာကြတာကို တွေ့ရှိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။