BBC navigation

အမျိုးသား ညီညွတ်ရေး ပြေအေးဖို့ လိုပြီလို့ ဒုသမ္မတ ပြော

နောက်ဆုံး ရေးသားချိန် 17 ဒီဇင်ဘာလ 2012 - 01:25 GMT

ဆီးရီးယား ဒုသမ္မတ ဖာရွတ် အယ် ရှရား

ဆီးရီးယားမှာ ဖြစ်နေတဲ့ စစ်ပွဲမှာ အစိုးရကော အတိုက်အခံပါ ဘယ်သူမှ မနိုင် နိုင်ပါဘူးလို့ ဒုတိယ သမ္မတက ပြောကြောင်း သတင်းတွေမှာ ကိုးကား ဖော်ပြခဲ့ ပါတယ်။

ဆီးရီးယားမှာ အစိုးရပါဝင်တဲ့ အမျိုးသား ညီညွတ်ရေး သမိုင်းဝင် စစ်ပြေငြိမ်းမှု လိုအပ်နေပြီလို့ လက်ဘနွန် သတင်းစာ တစောင်နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဒုသမ္မတ ဖာရွတ်ခ် အယ်လ် ရှာရားက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တကယ်တော့ အခု ဖြစ်နေတဲ့ ပဋိပက္ခမှာ သူတို့ အနိုင်မရနိုင်ဘူး ဆိုတဲ့ အချက်ကို အစိုးရက လက်ခံ အသိအမှတ်ပြုတာ မရှိသေး ပေမယ့် အရင်တုန်းကလည်း မစ္စတာ အယ်လ် ရှရားနဲ့ ပတ်သက်လို့ သတင်းမှားတွေ ထုတ်ပြန်တာ ရှိခဲ့ဖူးတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

မနေ့က အစောပိုင်းတုန်းကတော့ ဒမားစကပ်စ်မြို့က ပါလက်စတိုင်း ဒုက္ခသည် စခန်းတခုကို အစိုးရ စစ်လေယာဉ်တွေက ပထမဆုံးအကြိမ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ၁၅ယောက် သေဆုံးသွားတယ်လို့ ဆီးရီးယား အရေး တက်ကြွ လှုပ်ရှားသူတွေက ဆိုပေမယ့် တချို့ သတင်းတွေမှာတော့ ၂၅ယောက် သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။

တခါ မဝေးတော့တဲ့ ကာလမှာ ဆီးရီးယား အစိုးရ ဆင်းပေးရတော့မယ်လို့ ယူဆရကြောင်း ပြင်သစ်နိုင်ငံက ပြောပါတယ်။

ဒီသုံးသပ်ချက်က အငြင်းပွားစရာ ဖြစ်ပေမယ့်သမ္မတ အာဆက် ရာထူးက နှုတ်ထွက် ရချေရှိတယ်လို့ ဆီးရီးယားရဲ့ တခုတည်းသော မဟာမိတ်ဖြစ်တဲ့ ရုရှားကတောင်မှ စဉ်းစား ထင်မြင်နေပြီလို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရင့် ဖဲဘီရက်စ်က အခုလို ဆိုပါတယ်။

တိုင်းပြည်မှာ အစွန်းရောက် ဝါဒတွေ အမြစ်တွယ်သွားမှာကို ကာကွယ်ဖို့ အကောင်းဆုံးကတော့ အတိုက်အခံတွေ စုပြီး ဖွဲ့ထားတဲ့ ဆီးရီးယား အမျိုးသား ညွှန့်ပေါင်း အဖွဲ့ကို ထောက်ခံကြဖို့ အလွန် အရေးကြီးတယ်လို့ မစ္စတာ ဖဲဘီယက်စ်က ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။