BBC navigation

အမေရိကန်မှာ လက်နက်ကိုင်မှု ဥပဒေပြောင်းဖို့လိုပြီ

နောက်ဆုံး ရေးသားချိန် 16 ဒီဇင်ဘာလ 2012 - 01:58 GMT
obama

သေဆုံးခဲ့ရတဲ့ ကလေးတွေအတွက် ဝမ်းနည်းနေတဲ့ သမ္မတအိုဘားမား

အမေရိကန် ပြည်ထောင်စု မှာတော့ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ခဲ့တဲ့ ပစ်ခတ် သတ်ဖြတ် မှုမျိုးတွေ ထပ်မဖြစ်ဖို့ ကာကွယ် နိုင်ဖို့ အတွက် လက်နက် ကိုင်ဆောင် နိုင်မှု ဆိုင်ရာ ဥပဒေ တွေနဲ့ ပတ်သက်လို့ ပြောင်းလဲမှုတွေ လုပ်ဖို့ကို ဝါရင့် နိုင်ငံရေး သမား တွေက တောင်းဆို လိုက်ကြပါတယ်။

အမေရိကန် သမ္မတ အိုဘားမားကလည်း သူ့ရဲ့ အပတ်စဉ် ရေဒီယို မိန့်ခွန်းထဲမှာ ဒီလို သေဆုံးမှုမျိုးတွေ ထပ်မဖြစ်ဖို့ နိုင်ငံရေး ခံယူချက်တွေကို ဘေးချိတ်ပြီး အဓိပ္ပါယ်ရှိရှိ လုပ်သင့်လုပ်ထိုက် တာတွေကို လုပ်ကြဖို့ကို တိုက်တွန်း လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက မျက်နှာဖုံးစွပ် သေနတ်သမားရဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့မှုကြောင့် လူ ၁၂ ဦး သေဆုံး ခဲ့ရတဲ့ ရုပ်ရှင်ရုံ ရှိရာ ကော်လိုရာဒို ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ကလည်း ဒီအတွက် ဆွေးနွေးမှုတွေကို ရက်ရွေးမနေဘဲ လုပ်ကြဖို့ လိုနေ ပြီလို့ ဆိုလိုက်ပါတယ်။ နယူးယောက် မြို့တော်ဝန် မိုက်ကယ်လ် ဘလွန်းဘတ်ခ် ကတော့ ပါးစပ်ကပဲ ပြောနေရမယ့် အချိန်မဟုတ် တော့ဘူးလို့ ဆိုလိုက်ပါတယ်။

တရားမဝင် လက်နက် ဆန့်ကျင်ရေး အမေရိကန် မြို့တော်ဝန်များ အဖွဲ့ရဲ့ အကြံပေး ဒေးဗစ် ချစ်ပ်မန်းကတော့ သူနေထိုင်တဲ့ ဗာဂျင်းနီးယား ပြည်နယ်မှာ ဆိုရင် ဘီယာ ဝယ်ဖို့ အသက် ၂၁ နှစ် ပြည့်ပြီးကြောင်း သက်သေခံ ကတ်ပြား ပြရကြောင်း၊ အခု ကျုးလွန်ခဲ့တဲ့ ပစ်ခတ်မှုကြီးမှာ သုံးခဲ့တဲ့ လက်နက် လိုမျိုး ဝယ်ချင်ရင်တော့ အသက် ၂၁ နှစ် ရှိမရှိ ဆိုတာ ဘာ အိုင်ဒီ ကတ်မှ ပြစရာ မလိုဘဲ ဝယ်လို့ ရနေကြောင်း၊ ဒီလို ဥပဒေမျိုး တွေက သိပ်ပြီး အဓိပ္ပါယ် မရှိဘူးလို့ ထင်ကြောင်း ပြောကြား သွားပါတယ်။

ဒါပေမယ့် အမေရိကန်မှာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ အကြမ်းဖက် ရာဇဝတ်မှု ဖြစ်ပွားနှုန်းတွေ ကျလာတာနဲ့ အမျှ သေနတ် လက်နက် ကိုင်ဆောင်မှု ဆိုင်ရာ ဥပဒေကို တင်းကျပ်ဖို့ အတွက် ထောက်ခံမှုတွေလည်း ကျဆင်းလာခဲ့တယ်လို့ ဝါရှင်တန်က သတင်းထောက် က သတင်းပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။