BBC navigation

တရုတ်-ဂျပန် ဆက်ဆံရေး တရုတ် သတိပေး

နောက်ဆုံး ရေးသားချိန် 17 ဒီဇင်ဘာလ 2012 - 17:03 GMT
japan china

ပိုင်နက်အငြင်းပွားမှုကြောင့် ဒေသတွင်း တင်းမာခဲ့

အသစ်တက်မယ့် ဂျပန် အစိုးရသစ် အနေနဲ့ တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံကြား အတိမ်းအစောင်း မခံတဲ့ ကိစ္စတွေကို အသေအချာ ကိုင်တွယ် ဖြေရှင်းပေးဖို့ တရုတ် အစိုးရက တိုက်တွန်း လိုက်ပါတယ်။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဂျပန် လွှတ်တော် ရွေးကောက်ပွဲမှာ အတိုက်အခံ ရှေးရိုးစွဲ ဝါဒီ LDP (Liberal Democratic ) ပါတီက လက်ရှိ အစိုးရ DPJ (Japan Democratic Party) ကို အပြတ်အသတ် နိုင်သွားပြီး တရက် အကြာမှာပဲ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလို ထုတ်ဖော် ပြောလိုက်တာပါ။

ဂျပန် အစိုးရသစ် အဓိက အလေးထား ဆောင်ရွက်ရမယ့် ကိစ္စက ကျွန်းစု ပြဿနာ ကိစ္စ ပြေလည်စေရေးနဲ့ နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန် လာရေးအတွက် အားထုတ် ဆောင်ရွက်ဖို့ ဖြစ်ကြောင်း၊ ဒီလို ဆောင်ရွက် ရာမှာလည်း စိတ်ရင်းသဘောထား မှန်မှန်နဲ့ လက်တွေ့ကျကျ ကိုင်တွယ် ဆောင်ရွက်ဖို့ လိုကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ဟွာ ချွန်ယင်းက ပြောသွားပါတယ်။

ဒီအတောအတွင်း တရုတ်အစိုးရ အနေနဲ့ ဂျပန်နိုင်ငံရဲ့ အနာဂတ် လမ်းကြောင်းကို အသေအချာ အာရုံစိုက်စောင့်ကြည့် လေ့လာနေမှာ ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်လာဖို့ ဂျပန်အစိုးရ ကြိုးပမ်း လုပ်ဆောင်ရေးက သိပ်ကို အရေးပါတယ်လို့လည်း ဆိုပါတယ်။

ဒေသတွင်း အေးချမ်း တည်ငြိမ်ရေးကို ဂျပန် အစိုးရသစ်အနေနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ တရုတ်အစိုးရ မျှော်လင့်နေတယ်လို့လည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးက ဖြည့်စွက် ပြောသွားပါတယ်။

အသစ် တက်လာမယ့် ဂျပန် ဝန်ကြီးချုပ်သစ် ရှင်ဇို အာဘေးဟာ လက်ယာ သမား အမျိုးသားရေးဝါဒီတဦး ဖြစ်ပြီး တရုတ်နဲ့ ဂျပန်အကြား သူပိုင်ကိုယ်ပိုင် အငြင်းပွား နေကြတဲ့ ကျွန်းစုတွေကိစ္စနဲ့ ပတ်သက်လို့ စေ့စပ်ညှိနှိုင်းစရာ အကြောင်း လုံးဝ မရှိဘူးလို့ အစောပိုင်းတုန်းက ပြောသွားပါတယ်။

ဂျပန်ဘက်က ဆင်ကာကူလို့ ခေါ်တဲ့ အဲဒီ ကျွန်းစုတွေဟာ ဂျပန်နိုင်ငံရဲ့ ပိုင်နက် ကျွန်းစုတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန် လာစေဖို့ သူ့အနေနဲ့ လိုလားတယ်လို့ ထုတ်ဖော် ပြောသွားပါတယ်။

တရုတ်နိုင်ငံ ဘက်ကလည်း တရုတ်လို ဒေါင်ယူးလို့ အမည်ပေးထားတဲ့ အဲဒီကျွန်းစုတွေဟာ တရုတ်ပိုင်နက် ကျွန်းစုတွေ ဖြစ်တယ်လို့ ပြောနေတာပါ။

ဒီကျွန်းစုတွေ ကိစ္စနဲ့ ပတ်သက်လို့ အခု ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နှစ်နိုင်ငံအကြား တင်းမာမှုတွေ တိုးပွားလာနေရာမှာ ဂျပန်ရဲ့ ထိန်းချုပ်မှုကို တိုက်ရိုက် စိန်ခေါ်တဲ့ အနေနဲ့ တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်သစ် ရှီ ရှင်ပင်းက အဲဒီ ကျွန်းစုတွေ အနားကို တရုတ် စစ်သင်္ဘောတွေ ၊စစ်လေယာဉ်တွေ စေလွှတ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။