BBC navigation

ပါကစ္စတန်မှာ ပိုလီယို ဝန်ထမ်းတွေ ပစ်သတ်ခံရ

နောက်ဆုံး ရေးသားချိန် 18 ဒီဇင်ဘာလ 2012 - 16:14 GMT
Pakistan Polio

ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးစဉ်

ပိုလီယို ရောဂါ အကြီးအကျယ် ဖြစ်ပွားနေတဲ့ ပါကစ္စတန်နိုင်ငံမှာ ပိုလီယို ကာကွယ်ဆေး ပေးတဲ့ ကျန်းမာရေး ဝန်ထမ်း ၅ ဦး သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားပါတယ်။

အဲဒီကျန်းမာရေး ဝန်ထမ်းတွေဟာ ကုလသမဂ္ဂက အားပေးကူညီနေတဲ့ ပိုလီယို ရောဂါ တိုက်ဖျက်ရေး စီမံကိန်းတခုအတွက် လှုပ်ရှားဆောင်ရွက်နေသူတွေ ဖြစ်ပြီး အခု သေဆုံးသွားသူ ၅ ဦးထဲမှာ ၄ ဦးက အမျိုးသမီးတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ စီမံကိန်း အရ ပိုလီယို ကာကွယ်ဆေး ၅ သန်းခွဲ လောက်ကို နိုင်ငံတဝန်းမှာ အနည်းဆုံး ၃ ရက်ကြာ လိုက်လံ ထိုးပေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ပိုလီယို ရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုတွေကို ဦးဆောင် လုပ်နေသူ တဦးဖြစ်တဲ့ ဂူလ်နက်ဇ် နီဂက်တ် က သူ့လုပ်ဖေါ် ကိုင်ဖက်တွေ တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်လို့ စိုးရိမ် ပူပန်နေကြောင်း အခုလို ပြောပြပါတယ်။

သေနတ် ပစ်သတ်ခံခဲ့ ရသူတွေဟာ သူ့နဲ့ အတူ အလုပ်လုပ် သူတွေလို့ သိရကြောင်း၊ တယောက်က မာဒီယာ၊ နောက် တယောက်ကတော့ ဖါမီဒါ လို့ ဆိုကြောင်းကျန်းမာရေး ဝန်ထမ်းတွေ ပစ်သတ်ခံရတယ် ဆိုတဲ့ သတင်းကို နေ့လည်က ကြားကြားချင်း လိုက်စုံစမ်း နေရာမှာ ခုချိန်ထိ ဆက်သွယ်လို့ မရသေးကြောင်း နဲ့ အတော့်ကို စိုးရိမ်ပူပန်နေကြောင်း ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာတော့ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဘယ်အုပ်စု အဖွဲ့ကမှ ထုတ်ဖော် ဝန်ခံတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် ပါကစ္စတန်နိုင်ငံမှာ ပိုလီယို ရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုတွေ မလုပ်ဖို့ တာလီဘန်အဖွဲ့က ခြိမ်းခြောက်စာတွေ ထုတ်ပြန် ထားတာ မျိုးတွေ ရှိနေပါတယ်။

အထူးသဖြင့် CIA အမေရိကန် ထောက်လှမ်းရေး အဖွဲ့က အသည်းရောင်ရောဂါ ကာကွယ်တိုက်ဖျက်ရေး လှုပ်ရှားမှုတခုကို ဗန်းပြပြီး ၂၀၁၁ခုနှစ်တုန်းက တာလီဘန် ခေါင်းဆောင် အိုဆမာ ဘင်လာဒင်ကို ခြေရာခံ ရှာဖွေနိုင်ခဲ့ တာကြောင့် ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီလို ရောဂါကာကွယ် တိုက်ဖျက်ရေး လှုပ်ရှား ဆောင်ရွက်မှု တွေဟာ လက်နက်ကိုင် ပုန်ကန်နေသူတွေကို ထောက်လှမ်းဖို့ အတွက် အယောင်ဆောင် လုပ်နေတာဆိုပြီး ဒီရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုတွေကို တားဆီးတဲ့ အနေနဲ့ နိုင်ငံခြားသား NGO ဝန်ထမ်းတွေကို ပြန်ပေးဆွဲပြီး သတ်ပစ် တာမျိုးတွေ အရင်က ရှိခဲ့ပါတယ်။

တနင်္လာနေ့တုန်းကလည်း ကရာချီမြို့မှာ ပိုလီယို ရောဂါ တိုက်ဖျက်ရေး ဝန်ထမ်းတဦး သေနတ်ပစ်သတ် ခံခဲ့ရတယ်လို့ ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။

ကမ္ဘာပေါ်မှာ ပိုလီယို ရောဂါ လူအစုလိုက် အပြုံလိုက် ဖြစ်တဲ့ နိုင်ငံ ၃ နိုင်ငံပဲ ရှိရာမှာ အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယား နိုင်ငံနဲ့အတူ ပါကစ္စတန် နိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။

ကမ္ဘာ တဝန်းမှာ ပိုလီယို ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်နေရာမှာ ပါကစ္စတန်နိုင်ငံဟာ ပိုလီယို အဓိက တိုက်ဖျက်ရမယ့် နိုင်ငံအဖြစ် သတ်မှတ်ထားတာပါ။

အခုတော့ ဆင်းပြည်နယ်မှာ ပိုလီယို ရောဂါ ကာကွယ်ရေး လှုပ်ရှားမှုတွေ ဆိုင်းငံ့ထားဖို့ ကျန်းမာရေး ဝန်ထမ်း ၂ သောင်း ၄ ထောင်လောက်ကို အစိုးရက ညွှန်ကြား ထားလိုက်ပြီလို့ ပါကစ္စတန် ကျန်းမာရေးဝန်ကြီး ဆက်ဂီယာ အာမက်ဒ်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။