BBC navigation

ပထမဆုံး အမျိုးသမီး သမ္မတ တောင်ကိုရီးယား ရွေးချယ်

နောက်ဆုံး ရေးသားချိန် 20 ဒီဇင်ဘာလ 2012 - 00:51 GMT

ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာတော့မယ့် Park Geun Hye

တောင်ကိုးရီးယားမှာ ပထမဆုံး အမျိုးသမီး သမ္မတတစ်ဦးကို လူထုက ရွေးချယ်လိုက်ကြပါပြီ။

မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရပါတီက ကွန်ဆာဗေးတစ် သမ္မတလောင်း Park Geun-hye ဟာ သူ့ရဲ့ပြိုင်ဘက် Democratic United Party က Moon Jae-in ကို မဲကပ်ပြီးတော့ အနိုင်ရလိုက်တာ ဖြစ်ပါတယ်။

မဲတွေ ရေတွက်နေတုန်း ဖြစ်ပေမယ့် မစ္စတာ မွန်က သူရှုံးတဲ့အကြောင်း ပြောလိုက်ပါတယ်။

အနိုင်ရခဲ့တဲ့ Park Geun - hye က ဒီနေ့ထိ အားလုံးက အများကြီး လုပ်ခဲ့ကြရတယ် ၊ တကယ် ရေကုန်ရေခန်း ကြိုးစားရတဲ့ ခက်ခဲတဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်လို့ သူအနိုင်ရဖို့ ကြိုးပမ်းပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

သမ္မတသစ်ဖြစ်လာမယ့် Park Geun-hye ဟာ တကယ်တော့ တောင်ကိုးရီးယားမှာ အိမ်ပြာတော်လို့ ခေါ်ကြတဲ့ သမ္မတအိမ်တော်မှာ သူ အသက် ၂၂ နှစ်အရွယ်တုန်းက နေခဲ့ဖူးတဲ့ သူဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ဒီအိမ်ပြာတော်ကနေ သူ့ရဲ့ ဖခင် စစ်အာဏာရှင် Park Chung-hee ပတ်ချုံဟီးဟာ နှစ်ပေါင်း ၁၈ နှစ်ကြာ တောင်ကိုးရီးယားကို အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ မိခင်ရော၊ ဖခင်ပါ အသီးသီး လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

Ms Park က သူ့ဖခင်လက်ထက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက်လည်း တောင်းပန်စကား ဆိုခဲ့ပါတယ်။

လွှတ်တော် အမတ်တစ်ဦးအဖြစ်ကနေ သမ္မတလောင်းအဖြစ် ဒုတိယအကြိမ် ဝင်ပြိုင်တဲ့အခါ တောင်းကိုးရီးယားမှာ အကျင့်ပျက် ချစားမှု တိုက်ဖျက်ဖို့၊ ဆင်းရဲ ချမ်းသာ ကွာဟမှု လျော့ချဖို့ကိုလည်း ကတိပေး ခဲ့ပါတယ်။

စီးပွားရေးတိုးတက်မှုနှုန်း လျော့ကျနေတာကိုလည်း ပြန်အားကောင်းအောင် လုပ်မယ်လို့ ပြောပြီး မြောက်ကိုးရီးယားနဲ့လည်း ဆွေးနွေး အဖြေရှာမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူ့ရဲ့ မဲဆွဲပွဲတွေ ကာလအတွင်း ဖခင်ရဲ့ အရိပ်မည်းက အတိုင်းအတာတခု အထိ အထိုးခံ ခဲ့ရပေမယ့် ရွေးကောက်ပွဲမှာ ဒါတွေကို ကျော်လွန်နိုင်ခဲ့ပြီး အခု အောင်ပွဲရတဲ့ အချိန်မှာတော့ ကျွန်မဟာ လူထုရဲ့ သမ္မတ ဖြစ်တယ် ၊ ပြည်သူတွေအပေါ် ကတိတွေ တည်မယ့် သမ္မတ ဖြစ်တယ် ၊ အားလုံးမျှော်လင့်နေတဲ့ ပျော်ရွင်စရာ ခေတ်သစ်ကို ဖွင့်လှစ် ပေးတော့မယ့် အကြောင်း မစ္စ ပါ့ခ်က ပြောပါတယ်။

Ms. Park ဟာ အသက် ၆၀ အရွယ် အိမ်ထောင်မရှိတဲ့ သူလည်း ဖြစ်ပြီး အမျိုးသား ဝါဒ ကြီးစိုးတဲ့အပေါ် အမျိုးသမီးတွေဘက်က မကျေမနပ် ပြောဆိုကြတဲ့ တောင်ကိုးရီးယားနိုင်ငံမှာ ပထမဆုံး အမျိုးသမီး သမ္မတ အဖြစ် သူ့ပါတီက လက်ရှိ သမ္မတ လီမြောင်ဘက် နေရာကို ယူတော့မှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။