BBC navigation

ပိုလီယို ကျန်းမာရေး ၀န်ထမ်း ၂ ဦး ထပ်မံ အသတ်ခံရ

နောက်ဆုံး ရေးသားချိန် 19 ဒီဇင်ဘာလ 2012 - 18:20 GMT
pakistan polio

၀န်ထမ်းတွေ အသတ်ဖြတ်ခံရပြီးတဲ့နောက် ပိုလီယိုဆေး တိုက်ကျွေးတဲ့ အစီအစဉ် ရပ်နား

ပါကစ္စတန် နိုင်ငံမှာ ကုလသမဂ္ဂ အစီအစဉ် နဲ့ ကလေးငယ်တွေကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေး တဲ့ အစီအစဉ်ကို လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းနှစ်ဦး ဗုဒ္ဓဟူးနေ့က ထပ်မံ သတ်ဖြတ်ခံ လိုက်ရပြန် ပါတယ်။

ကမ္ဘာမှာ ပိုလီယိုလုံးလုံး မကင်းစင်သေးတဲ့ နိုင်ငံဆိုလို့ ပါကစ္စတန်ရယ်၊ သူ့ဘေးက အာဖဂန်နစ္စတန် ရယ်၊ အာဖရိက တိုက် က နိုင်ဂျီးရီးယားရယ် သုံးနိုင်ငံပဲ ရှိတဲ့ အထဲက အခု ပါကစ္စတန် မှာ ကုလသမဂ္ဂ ပါဝင်တဲ့ နိုင်ငံလုံး ဆိုင်ရာ ပိုလီယို ရောဂါ ကင်းစင်ရေး လှုပ်ရှားမှု မှာ ကလေးငယ် ၃၃ သန်းကို ကျန်းမာရေး ဝန်ထမ်းပေါင်း ၈၈၀၀၀ က အစက်ချ ကာကွယ်ဆေး တွေကို တိုက်ကျွေးဖို့ အစိုးရက ရည်မှန်းချက်ထား လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုက ဗုဒ္ဓဟူးနေ့မှာပဲ ပြီးဆုံးတာ ဖြစ်ပေမယ့် ပတ်ရှဝါဒေသမှာ သေနတ်သမားတွေက ပစ်ခတ်လို့ ပိုလီယို ကာကွယ်ဆေး ဆိုင်ရာ ကျွမ်းကျင်သူတဦးနဲ့ သူ့ကားမောင်းသူတို့ ဆုံးပါးသွားပြီး၊ ဝိုင်းကူပေးတဲ့ ကျောင်းသား တယောက် ကတော့ ဦးခေါင်းကို ပစ်ခတ်ခံရပြီး အကြီးအကျယ် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

အင်္ဂါနေ့ က ပစ်ခတ်မှု မှာတော့ ကျန်းမာရေးဝန်ထမ်း ငါးဦး သေဆုံး ခဲ့ပါတယ်။ အခု ဗုဒ္ဓဟူးနေ့ သတ်ဖြတ်မှုတွေ အပြီးမှာတော့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ် နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒဗလျူအိတ်ချ်အို တို့ကတော့ သူတို့ရဲ့ နိုင်ငံတဝန်း လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းတယ်လို့ ယူနီဆက်ဖ် ပြောခွင့်ရသူက ပြော ပါတယ်။

အခုလို ပစ်ခတ်သတ်ဖြတ်မှုတွေကို ဘယ်အဖွဲ့ကမှ သူတို့ လုပ်တာပါလို့ မပြောပေမယ့် စောစောပိုင်းကတော့ တာလီဘန် တွေက ကုလသမဂ္ဂရဲ့ ဒီပိုလီယိုဆန့်ကျင်ရေး လှုပ်ရှားမှုကို ဆန့်ကျင်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် ရာဂျာ ပါဗက်ဇ် အရှက်ဖ်တော့ တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး၊ ကာကွယ်ဆေး တိုက်ကျွေးရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေကို ချီးကျူးခဲ့လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကိုလည်း ဒီအဖွဲ့တွေရဲ့ လုံခြုံရေးကို အပြည့်ယူ ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ပစ်ခတ်သတ်ဖြတ်မှုတွေ နဲ့ ဆက်စပ်လို့ တခုပြောရမယ် ဆိုရင်တော့ ပြီးခဲ့တဲ့နှစ် က အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို ဖမ်းဆီးမိဖို့အတွက် အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ စီအိုင်အေက အယောင်ဆောင် အသည်းရောင် အသားဝါ ကာကွယ်ဆေး လှုပ်ရှားမှု လုပ်ဆောင်ခဲ့တာကြောင့်လည်း ပါကစ္စတန် ဒေသတချို့မှာ အခု ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးမှုကို တာလီဘန် တွေက ကန့်ကွက် ဆန့်ကျင်မှုတွေ ပြုကြတာ လို့လည်း သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။