BBC navigation

စစ်သွေးကြ အကြမ်းဖက်မှု တိုက်ဖျက်မယ်လို့ ဘူတို မျိုးဆက်သစ်က ပြော

နောက်ဆုံး ရေးသားချိန် 27 ဒီဇင်ဘာလ 2012 - 22:24 GMT

လွန်ခဲ့တဲ့ ၅ နှစ်က လုပ်ကြံခံရပြီး ကွယ်လွန်သွားတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုရဲ့သား ဘီလာဝါးက ဒီမိုကရေစီကို ကာကွယ်ဖို့ စစ်သွေးကြွ အကြမ်းဖက်မှုကို တိုက်ဖျက်သွားမယ်လို့ သူ့ရဲ့ ပထမဆုံး နိုင်ငံရေး မိန့်ခွန်းမှာ ပြောကြား သွားပါတယ်။

သူတို့ မိသားစု ဇာတိ ဆင်း ပြည်နယ် တောင်ပိုင်းက ဘာနာဇီယာဘူတို လုပ်ကြံခံရတဲ့ ၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

သူ့မိခင် ဟာ ဒီမိုကရေစီ ရှင်သန်ဖို့ အသက်ကို စတေးသွားခဲ့သူ ဖြစ်ကြောင်း ဘီလာဝါး ဘူတို ဇာဒါရီက ထောက်ခံသူ တွေကို ပြောကြား ခဲ့ပါတယ်။

၂ဝဝ၇ ခုနှစ် ရွေးကောက်ပွဲ မှာ မဲဆွယ်နေစဉ်မှာ ဗုံးခွဲ တိုက်ခိုက်ခံရလို့ မစ္စ ဘူတို ကွယ်လွန် ခဲ့ရပါတယ်။

ငြိမ်းချမ်း လွတ်လပ်တဲ့ ဒီမိုကရေစီ ပါကစ္စတန် နိုင်ငံပေါ်ထွန်းလာရေး အတွက် စစ်သွေးကြွ ဝါဒနဲ့ အစွန်းရောက်ဝါဒတွေ ကို တိုက်ဖျက်သွားမှာ ဖြစ်ကြောင်း ဘီလာဝါးက ဆိုပါတယ်။

မိခင် ဖြစ်သူ တိမ်းပါး သွားပြီး နောက် ပါတီ ဥက္ကဋ္ဌ ဖြစ်လာတဲ့ အောက်စဖို့ဒ် တက္ကသိုလ် ကျောင်းဆင်း ဘီလာဝါးက တာလီဘန် တွေကို အပြစ်တင် ခဲ့ပါတယ်။

ဘီလာဝါးက ထောင်သောင်း ချီတဲ့ ထောက်ခံသူတွေဟာ သူ့အတွက် အာဏာ အခြေအမြစ် ဖြစ်တယ်လို့ ပြောကြား ခဲ့တာပါ။

မစ္စ ဘူတိုရဲ့ ပရိသတ် ထောက်ခံသူ တွေက ဘီလာဝါးကို သူ့အမေ ကိုယ်ပွား အဖြစ် အားတက်သရော ထောက်ခံခဲ့ကြပါတယ်။

၂၅ နှစ် မပြည့်မချင်း ရွေးကောက်ပွဲ ဝင်လို့ မရသေးတဲ့ အတွက် နောက်နှစ်ဆန်းမှာ လုပ်ဖို့များတဲ့ ရွေးကောက်ပွဲကိုတော့ မှီမယ့်ပုံ မပေါ်ပါဘူး။

ဘူတို မိသားစုတွေ ဘယ်လို သတ်ဖြတ် ခံရ စေကာမူ နောက်ထပ် ပေါ်ထွက် လာလိမ့်အုံးမယ် ဆိုပြီး ဘူတို မိသားစု နိုင်ငံရေး ကို ဇောင်းပေးပြီး ဘီလာဝါး မိန့်ခွန်း ပြောသွား ခဲ့တာပါ။

လာမယ့်လ တွေအတွင်း ပါတီမှာ ဘီလာဝါးရဲ့ နိုင်ငံရေး ကဏ္ဍ ပိုကြီး လာလိမ့်မယ်လို့ ယူဆ ကြပါတယ်။

ပီပီပီ ပါတီ အကြီးအကဲ အဖြစ် ဆက်တာဝန် ယူထားပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် စီမံနေတဲ့ သမ္မတ ဇာဒါရီရဲ့ အရိပ်အောက်က ဘီလာဝါး ရုန်းထွက် နိုင်ဖို့ လိုသေးတယ်လို့ ဘီဘီစီ သတင်းထောက်က မှတ်ချက်ပေးပါတယ်။

ပါကစ္စတန် သမ္မတ အဇစ် အလီ ဇာဒါရီရဲ့ သားလဲဖြစ်တဲ့ ဘီလာဝါးဟာ ပါကစ္စတန် ပြည်သူ့ ပါတီ ဥက္ကဋ္ဌ တာဝန်ကို သိုသိုသိပ်သိပ် ယူနေခဲ့တာဖြစ်ပါတယ်။

စားဝတ်နေရေး ဖူလုံရေးအတွက် ပါတီက ဆက်ပြီး အဓိကထား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဘီလားဝါးက ပြောကြား ခဲ့ပါတယ်။

အကြမ်းဖက် ဝါဒနဲ့ တကမ္ဘာလုံး စီးပွားကျ နေတဲ့ဒဏ်တွေကို ရင်ဆိုင်နေရပေမယ့်လဲ ပါကစ္စတန် စီးပွားရေးက ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နေနိုင်သေးတယ်လို့ ဘီလာဝါးက ပြောပါတယ်။

သမ္မတ ဇာဒါရီ ကလဲ နောက်နှစ် ရွေးကောက်ပွဲ မျှတ လွတ်လပ် စေရမယ်၊ နောက်မကျ စေရဘူးလို့ ကတိပေး မိန့်ခွန်း ပြောခဲ့ပါတယ်။

မစ္စ ဘူတိုနဲ့ ၁၉၇၉ စစ်အာဏာရှင်ခေတ်က ကြိုးပေး ခံရတဲ့ သူ့ဖခင် ဝန်ကြီးချုပ်ဟောင်း ဘူတိုတို့ ပုံတွေ ကိုင်ဆောင် ထားကြတဲ့ ပွဲလာ ပရိသတ် ကြီးကတော့ အဝေဖန် ခံနေရတဲ့ အာဏာရ ပီပီပီ အတွက် ထောက်ခံမှု အားစမ်းပွဲကြီးပါပဲ။

ဖခင် ဖြစ်သူ သမ္မတ ဇာဒါရီ ပါတီကို ဆက် ဦးဆောင် ပေးနေတုန်း ဖြစ်ပေမယ့် လာဘ်စားမှု စွပ်စွဲချက် တွေကြောင့် ထောက်ခံမှု ကျဆင်းနေပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဇာဒါရီကို စိတ်ကုန် နေသူတွေက ပါတီ ထောက်ခံမှု ပြန်တက်လာအောင် သားလုပ်သူကို မျှော်လင့် နေကြတာပါ။

ဘူတို မိသားစု ဟာ ပါကစ္စတန် လွတ်လပ်ရေး ရကထဲက နိုင်ငံရေးမှာ တွင်ကျယ် လာခဲ့ကြတာ ဖြစ်ပါတယ်။

မစ္စ ဘူတို လုပ်ကြံ ခံရမှု လက်သည် ခုထိ မပေါ်သေးဘဲ ၂ဝ၁ဝ ပြည့်နှစ်က ကုလ သမဂ္ဂ လုပ်တဲ့ စုံစမ်းမှု ကိုလဲ ရပ်ဆိုင်း ထားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။