BBC navigation

ဖိလစ်ပိုင် နဲ့ သန္ဓေတားခွင့် ဥပဒေ

နောက်ဆုံး ရေးသားချိန် 30 ဒီဇင်ဘာလ 2012 - 01:56 GMT
philippine_birth_control

ကက်သလစ် ဘုရားကျောင်းတွေ က သန္ဓေတား တာကို ကန့်ကွက် ကြ

ကက်သလစ် ဘာသာ၀င်တွေ ၈၀ ရာခိုင်နှုန်း လောက်နေထိုင်တဲ့ ဖိလစ်ပိုင် နိုင်ငံ မှာ သန္ဓေ တား တဲ့ နည်းလမ်းတွေ ကို လွတ်လွတ်လပ်လပ် လုပ်ပိုင် ခွင့်နဲ့ မိသားစုစီမံကိန်း အတွက် ဥပဒေ ကို သမတ က လက်မှတ်ရေးထိုး အတည်ပြု လိုက်ပါပြီ။

ဒီ ဥပဒေကို ထောက်ခံကြတဲ့ သူတွေ က ဥပဒေ ပြဌာန်းနိုင်ဖို့ ၁၄ နှစ် အချိန်ယူခဲ့ရတယ် လို့ ပြောပြကြသလို ဒီဥပဒေ ကြောင့် မိခင်သေဆုံးမှုနှုန်းတွေ ၊ ဆင်းရဲမွဲတေမှုနှုန်းတွေ နိုင်ငံမှာ ကျဆင်းသွား လိမ့်မယ် လို့ သူတို့ မျှော်လင့် နေကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ဟာ မိခင်သေဆုံးမှုနှုန်း နဲ့ ပတ်သက်ပြီး ဒေသတွင်းနိုင်ငံတွေ ထဲမှာ အမြင့်မားဆုံး နိုင်ငံပါ။

နိုင်ငံရဲ့ ကွန်ဂရက် လွှတ်တော်မှာ ဒီဥပဒေမူကြမ်း ကို အကြိမ်ကြိမ် တင်ခဲ့ရတယ်၊ အကြိမ်ကြိမ်လည်း ပယ်ချ ခံရပြီးတဲ့နောက် ပြီးခဲ့တဲ့ ဒီဇင်ဘာ လ ၁၉ ရက်မှာတော့ ကွန်ဂရက်မှာ အတည် ပြုနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ မှာ တော့ ဖိလစ်ပိုင် သမတ ဘီနစ်နို အာကွီနို က ဥပဒေအဖြစ် အတည်ပြုလက်မှတ် ရေးထိုးလိုက် ပါပြီ။

လာမယ့် ဇန်နဝါရီ လလယ် လောက် မှာ ဥပဒေ က အသက်ဝင် တော့မှာပါ။

သမတ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဖြစ်တဲ့ မစ္စ Abigail Valte က ကျမတို့ နိုင်ငံ သမိုင်းမှာ အကွဲပြား ဆုံး ဖြစ်ခဲ့တဲ့ ဒီ ဥပဒေ ကို အတည်ပြု နိုင်ခဲ့ပါပြီ လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ဒီကိစ္စကြောင့် တဘက် နဲ့ တဘက်ပူးပေါင်း ဆောင်ရွက်မှုတွေ၊ ပြန်လည် ရင်ကြားစေ့မှုတွေ ဖြစ်လာပြီး ဖိလစ်ပိုင် ပြည်သူတွေရဲ့ ဘ၀ ပိုသာယာ လာအောင် ပေါင်းစည်းမှု တွေ ဖြစ်လာပါ လိမ့်မယ် လို့လည်း သူ က ပြောပါတယ်။

ဒီဥပဒေ ကို ကက်သလစ် ခရစ်ယာန် ဘုရားကျောင်း အသိုင်းအဝိုင်း က အရင်ကတည်း က တောက်လျှောက် ဆန့်ကျင် လာခဲ့ ပါတယ်။

သန္ဓေတားမှု ကို သူတို့ က ဆန့်ကျင်ကြတာပါ။

ခရစ်ယာန် ဘုန်းတော်ကြီး အများအပြား ကလည်း တရားရုံးချုပ်ကို စာတင်ပြီး အခု ဥပဒေ ကို အတည် မဖြစ်အောင် လုပ်မယ် လို့ ခြိမ်းခြောက် နေဆဲပါ။

ဖိလစ်ပိုင် က လူဦးရေ ၈၀ ရာခိုင်နှုန်း ကျော် က ကက်သလစ် ဘာသာ၀င်တွေ ဖြစ်သလို ကက်သလစ် ခရစ်ယာန် ဘုရားကျောင်း တွေ ဘက်က လည်း နိုင်ငံရေး သမား တွေ၊ မီဒီယာ မှာ သုံးသပ်သူတွေ၊ စီးပွားရေး သမား တွေ ကို ထောက်ပံ့မှုတွေ လုပ်ထားပြီး သူတို့ သဘောထား ကို အောင်မြင် အောင် လုပ်ကြ ပါတယ်။

မနီလာမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က အခု သန္ဓေတားနိုင်ခွင့် ဥပဒေ က ပြဌာန်း နိုင်ပြီးတောင်မှ ကက်သလစ် ခရစ်ယာန် ဘုရားကျောင်း နဲ့ သူတို့ရဲ့ နိုင်ငံရေး အသိုင်းအဝိုင်းတွေ က လမ်းကြောင်း လွဲသွားအောင် လုပ်နိုင် သေးတယ် လို့ သုံးသပ်ပါတယ်။

ဖိလစ်ပိုင် မှာ ကွန်ဒွန် က အများအပြား ရောင်းနေကြ ရပြီး စျေးက အင်မတန် ကြီးတဲ့ အတွက် သာမန် လူတွေ လက်လှမ်းမမီပါဘူး။

မိခင်နဲ့ ကလေး ဆေးရုံတွေမှာ ၀န်ထမ်းတွေ က ကလေးမွေးနှုန်း များတဲ့ ပြသနာ ကို အကြီးအကျယ် ရင်ဆိုင် နေကြ ရသလို ကုလသမဂ္ဂ ကလည်း မိသားစု စီမံကိန်း ဥပဒေ ဖိလစ်ပိုင်မှာ ပြဌာန်းနိုင်ဖို့ အခု နှစ် အစောပိုင်း က ပန်ကြားခဲ့ ပါသေးတယ် ။

၂၀၁၁ က အစိုးရ ကလုပ်ခဲ့တဲ့ စစ်တမ်း တခုမှာ လည်း ၂၀၀၆ ကနေ ၂၀၁၀ ခုနှစ် အတွင်း မိခင် သေနှုန်း က ၃၆ ရာခိုင်နှုန်း တောင်တက်လာ တာ ကို တွေ့လာရပြီး တဲ့နောက် သန္ဓေတားတာကို လွယ်လွယ် ကူကူ နဲ့ လွတ်လွတ်လပ်လပ် ဖြစ်စေမယ့် ဒီ ဥပဒေ ကို ဖိလစ်ပိုင် မှာ ပြဌာန်း လာတာပါ။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။