BBC navigation

အခွန်နဲ့ဘတ်ဂျတ်ကိစ္စ သမ္မတအိုဘားမားတိုက်တွန်း

နောက်ဆုံး ရေးသားချိန် 1 ဇန်နဝါရီလ 2013 - 16:16 GMT
President Obama

လွှတ်တော်နှစ်ရပ်စလုံးက သဘောညီလိုက်ကြဖို့ အမေရိကန်သမ္မတက တိုက်တွန်းနေပါတယ်။

အမေရိကန်သမ္မတအိုဘားမားက အမေရိကန်အထက်လွှတ်တော်က အတည်ပြုပြီးဖြစ်တဲ့ အခွန်တိုးကောက်မယ့်ကိစ္စနဲ့ ဘတ်ဂျတ်ဖြတ်တောက်မယ့် သဘောတူညီထားချက်ကို အောက်လွှတ်တော်ကလည်း နှောင့်နှေးမနေဘဲ အတည်ပြုလိုက်ကြဖို့ကို တိုက်တွန်းလိုက်ပါတယ်။

လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်မယ်ဆိုရင်တော့ အမေရိကန် လူလတ်တန်းစားတွေအပေါ် အခွန်တိုးကောက်နိုင်ချေနဲ့ ဒီကနေ့ကစလို့ သက်ရောက်တော့မယ့် ဘတ်ဂျတ် ဖြတ်တောက်လျှော့ချရမယ့် ကိစ္စတွေကို ရှောင်လွှဲလိုက်နိုင်မှာလည်း ဖြစ်ပါတယ်။

အခုအတည်ပြုမယ့် ကိစ္စမှာ တိုင်းပြည်ရဲ့ သူဌေးသူကြွယ်တွေဟာ မျှတတဲ့ အခွန်ကိုသာ ပေးကြရတာပါလို့ သမ္မတအိုဘားမားက ပြောပေမယ့် အောက်လွှတ်တော်မှာ အမတ်နေရာ အများစုရထားတဲ့ ရီပတ်ဘလေကန်တွေကတော့ ဒီကိစ္စတွေကို လေ့လာဦးမယ်လို့ ဆိုနေကြပါတယ်။

သမ္မတဟောင်း ဘုရှ်လက်ထက်က အခွန်လျှော့ချမှုတွေက နှစ်ကူးတာနဲ့ ပျက်ပြယ်သွားပြီမို့ ကွန်ဂရက်က ဒီဥပဒေ အတည်ပြုမပေးရင် အမေရိကန် အလုပ်သမား လူတန်းစားအားလုံး အခွန်တွေတက်ပြီး သုံးအားတွေကျ၊ စီးပွားရေး ပြန်လည် တုံ့ဆိုင်းသွားနိုင်တဲ့အထိ ထိခိုက်နိုင်ပါတယ်။

လွှတ်တော်နှစ်ရပ်ပေါင်း အမေရိကန်ကွန်ဂရက်က လက်ခံမှာလား ဆိုတာကတော့ ဒီဥပဒေကို ပြင်ချင်တာတွေ ရှိတယ်၊ ဒီဥပဒေ လက်ခံမယ် ပြင်ဆင်မယ်ဆိုတာက အမတ်အားလုံး သုံးသပ်ချက် ပေးနိုင်ဖို့ လိုတယ် ကွန်ဂရက် ဥက္ကဋ္ဌ ဂျွန်ဘိုနာက တခြား ကွန်ဂရက် ခေါင်းဆောင်တွေနဲ့ ပူးတွဲ ကြေညာ ခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။