BBC navigation

Rain ဥပဒေကို ချိုးဖောက်သလား

နောက်ဆုံး ရေးသားချိန် 3 ဇန်နဝါရီလ 2013 - 00:55 GMT
rain

Rain ကို အားလပ်ချိန်တွေ အများကြီး ပေးတယ်လို့ တိုင်ကြ

တောင်ကိုရီးယား နာမည်ကျော် ပေါ့ အဆိုတော် Rain အထင်ကရ တီဗီ သရုပ်ဆောင် မင်းသမီး တဦးနဲ့ အပြင်ထွက် ရိုက်ထားတဲ့ ဓာတ်ပုံတွေ ထွက်လာတာ ကြောင့် နိုင်ငံရဲ့ ဥပဒေအတိုင်း မဖြစ်မနေ စစ်မှုထမ်းရချိန်မှာ Rain ဥပဒေကို ချိုးဖေါက်ခဲ့သလား ဆိုတာ စုံစမ်းစစ်ဆေး နေတယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

အဆိုတော် Rain ကို လွတ်လွတ်လပ်လပ် သွားလာဖို့ အချိန်တွေ အများကြီး ပေးခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်တွေလည်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာမှာ ပြည့်လျှံသွားခဲ့တဲ့ နောက်ပိုင်း ဒီကိစ္စကို စပြီး ကိုင်တွယ်နေပြီလို့ တောင်ကိုရီးယား ကာကွယ်ရေး ဌာန ပြောခွင့်ရသူက ပြောပါတယ်။

အသက် ၃၀ အရွယ် အမည်ရင်း Jung Ji-Hoon လို့ ခေါ်တဲ့ အဆိုတော် Rain ဟာ ဒီနှစ်ကုန်တဲ့အထိ စစ်မှုထမ်းဆောင် ရမှာ ဖြစ်ပါတယ်။

၁၉၅ဝ ကနေ ၁၉၅၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ကိုးရီးယား ပြည်တွင်းစစ် နောက်ပိုင်းမှာ ကိုယ်ခန္ဓာ သန်စွမ်းတဲ့ တောင်ကိုးရီးယား အမျိုးသားတိုင်း စစ်မှုမထမ်းမနေရ အနေနဲ့ စစ်တပ်မှာ စစ်မှုထမ်းရပါတယ်။

အဲဒီလို စစ်မှုထမ်းစဉ် မှာလည်း ကိုယ်ပိုင်အချိန်တွေကို ကန့်သတ်ပြီးတော့ ပေးပါတယ်။

အဲဒီလို အခြေအနေမျိုးမှာ အဆိုတော် Rain ဟာ ၃၂ နှစ်အရွယ်ရှိတဲ့ နာမည်ကျော် မင်းသမီး Kim Tae-hee နဲ့ စုံတွဲခုတ်တဲ့ အကြောင်းတွေ နှစ်သစ်ကူးနေ့တုန်းက မီဒီယာတွေ မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မင်းသမီးရဲ့ ပြောခွင့်ရသူပြောတာကတော့ သူတို့ ၂ ယောက် စပြီးတွဲနေတာ တလ လောက်ရှိပြီလို့ ဆိုပါတယ်။

အဆိုတော် Rain ရဲ့ ကိစ္စလိုမျိုး အရင်တုန်းကလည်း ဖြစ်ဖူးပါတယ်။ အဲဒါကတော့ ဂမ်နန် စတိုင် ဆိုတဲ့ သီချင်းနဲ့ တကမ္ဘာလုံးကို ဆွဲဆောင်ခဲ့တဲ့ ပေါ့အဆိုတော် ဆိုင်း ကိုလည်း စစ်မှုထမ်းနေချိန် တာဝန်ကို ဂရုမစိုက်တဲ့အတွက် လွန်ခဲ့တဲ့ နှစ်အတော်ကြာ တုန်းက သူ့ကို စစ်တပ်မှာ တဖန်ပြန်ပြီး တာဝန် ထမ်းဆောင်ခိုင်း ခဲ့ဖူးပါတယ်။

၂၀၀၂ ခုနှစ်က အနုပညာလောကထဲ ရောက်လာတဲ့ အဆိုတော် Rain ဟာ ကိုရီးယား ဇာတ်လမ်းတွဲတွေနဲ့ အာရှတလွှားမှာ နာမည်ကြီးလာတဲ့သူလည်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပြသခဲ့တဲ့ ချစ်စံအိမ်ဆိုတဲ့ ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။