BBC navigation

ဆီးရီးယားမှာ သေသူ ၆ သောင်း ရှိပြီပြော

နောက်ဆုံး ရေးသားချိန် 3 ဇန်နဝါရီလ 2013 - 01:07 GMT
syria

အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေ

၂ဝ၁၁ မတ်က ဆီးရီးယား အုံကြွမှုတွေ စတင်ပြီး နောက် သေဆုံးသူ အနည်းဆုံး ၆ သောင်း လောက် ရှိနေပြီလို့ ကုလ သမဂ္ဂ က ပြောကြား လိုက်ပါပြီ။

ဒီပမာဏဟာ အတိုက်အခံ တွေ ဘက်က ခန့်မှန်း ထားတဲ့ ၄၅,ဝဝဝ လောက် ဆိုတာထက်ကို များနေပါတယ်။

ကွဲပြားတဲ့ အထောက်အထား ရင်းမြစ် ၇ မျိုး ကို ပြန်လှန် စစ်ဆေးပြီး ကုလသမဂ္ဂရဲ့ ၅ လ ကြာ အချိန်ယူ လေ့လာ သုံးသပ်မှုတွေကို အခြေခံပြီး ထုတ်ပြန်တာလို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး နာဗီ ပီလေးက ပြောကြား ခဲ့ပါတယ်။

ဒီ ကိန်းဂဏန်း တွေက ဆီးရီးယားမှာ နောက်ထပ် လူသောင်းနဲ့ချီပြီး သေကြေ ဒဏ်ရာရတာတွေ ထပ်မဖြစ် ခင်မှာ ပဋိပက္ခ အမြန် အဆုံးသတ် နိုင်ရေး အတွက် လုံခြုံရေး ကောင်စီ အပါအဝင် ကူညီ ဖြေရှင်းနိုင်သူတွေ အားလုံးကို နှိုးဆော် လိုက်တာပဲ ဖြစ်သင့်တယ်လို့ နာဗီ ပီလေးရဲ့ ပြောခွင့်ရ ရူးပတ် ကိုးလ်ဗီးလ်က ပြောကြား ပါတယ်။

ဆီးရီးယား က နောက်ဆုံး သိရတဲ့ တိုက်ခိုက်မှုတွေ အတွင်း လူ ၇၅ ယောက် သေဆုံးကြောင်း အတိုက်အခံ တွေက ပြောကြား ပါတယ်။

ဒမတ်စကပ် မြို့တော် အရှေ့ပိုင်း ဆင်ခြေဖုံးက ဓာတ်ဆီဆိုင်ကို အစိုးရက လေကြောင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မီးလောင်ကျွမ်း နေတဲ့ ရုပ်အလောင်း တွေကို တွေ့ရတယ်လို့ မျက်မြင် သက်သေ တွေက ပြောဆိုပါတယ်။

သေဆုံးသူ တွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေလဲ ပါတယ်လို့ ဆိုပါတယ်။

လောင်စာဆီ ပြတ်တာ ၄ ရက် ရှိနေပြီမို့ ဓာတ်ဆီဆိုင်ကို ထွက်လာတဲ့ လူတွေကို လေကြောင်းက တိုက်ခိုက်တာ ဖြစ်ကြောင်း အတိုက်အခံ တွေက ဆိုပါတယ်။

ဒီတနေ့ ထဲမှာပဲ ဒမတ်စကပ်မှာ မုန့်ဆိုင်မှာ တန်းစီနေသူ တွေကို ပစ်ခတ် တာ အပါအဝင် တခြား တိုက်ခိုက်မှုတွေမှာလဲ သေဆုံးသူ ၄ဝ ကျော်တယ်လို့ ဆီးရီးယား လှုပ်ရှားသူ တွေက ပြောကြားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။