BBC navigation

အိန္ဒိယက အုပ်စုဖွဲ့ မုဒိမ်းမှု စတင်ကြားနာ

နောက်ဆုံး ရေးသားချိန် 7 ဇန်နဝါရီလ 2013 - 16:47 GMT

တရားရုံး အပြင်ဘက် မှာတော့ လုံခြုံရေးကို အထူး ချထားပါတယ်

အိန္ဒိယနိုင်ငံမှာ ဒီဇင်ဘာ လလယ်က အသက် ၂၃ နှစ် အရွယ် မိန်ကလေး တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်း ကျင့်ခဲ့မှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူ အဖြစ် သံသယ ရှိသူ ၅ ဦးကို ဒေလီ တရားရုံး က တနင်္လာနေ့မှာ စွဲချက်တင် ကြားနာခဲ့ ပါတယ်။

ဒေလီ တောင်ပိုင်းက ဆာကစ် တရားရုံးမှာ ဒီလူ ၅ ဦးကို ရုံးထုတ်ခဲ့ ရာမှာ၊ ကြားနာမှုကို လူအများ လာရောက် ကြည့်ရှုခွင့် ပေးဖို့ စီစဉ် ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ အဓိကရုဏ်း တွေ ဖြစ်လာမှာ စိုးတဲ့ အတွက် တရားရုံးကို တခါးပိတ်ပဲ ကြားနာခဲ့ ကြပါတယ်။

တရားရုံး ပတ်ပတ်လည်မှာတော့ လက်နက် အစုံအလင်နဲ့ ရဲတွေကို အပြည့် ချထားပါတယ်။

အခု တရားစွဲခံရတဲ့ လူ ငါးဦးဟာ အသက် ၁၉ နှစ် ကနေ ၃၅ နှစ် အတွင်း ရှိကြပြီး သူတို့ကို ပြန်ပေးဆွဲမှု၊ အဓမ္မ ပြုကျင့်မှုနဲ့ သတ်ဖြတ်မှု တွေနဲ့ စွဲချက် တင်ထား တာ ဖြစ်ပါတယ်။

သူတို့ဟာ အပြစ်ရှိတယ်လို့ ဆုံးဖြတ် ခံရရင် သေဒဏ် အထိ ကျခံနိုင်ဖွယ် ရှိပါတယ်။ လူထုရဲ့ ဒေါသ တကြီး တုံ့ပြန်မှုတွေ ကြောင့် အစောပိုင်း တုန်းကတော့ သူတို့ ကိုယ်စား ခုခံ ချေပဖို့ ရှေ့နေ အဖြစ် ဘယ်သူမှ စိတ်မဝင်စားကြ ပေမယ့် မျှတတဲ့ တရာစီရင်ရေး ဖြစ်ဖို့ ဆိုပြီး တရားရုံးက ပြောတာ ကြောင့် အခုတော့ ရှေ့နေ ရနေပြီလို့ သိရပါတယ်။

ဒါပေမယ့် ဒီလို ခုခံပေးတဲ့ ရှေ့နေကိုလည်း တခြား ရှေ့နေတွေက ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။

တနင်္လာနေ့ ကြားနာမှု ပြီးဆုံးသွားပြီး နောက်ထပ် ကြားနာမှု ကိုတော့ ဇန်နဝါရီ ၁၀ ရက်မှာ လုပ်မှာပါ။ အိန္ဒိယနိုင်ငံမှာ သာမက ကမ္ဘာ တဝန်းက လူအများ စိတ်ဝင်စား နေကြတဲ့ ဒီအမှုကို အမြန်ဆုံး ဆုံးဖြတ် စီရင်နိုင်ဖို့လည်း အာဏာပိုင်တွေက လုပ်ဆောင်ဖို့ ရှိနေပါတယ်။

ဒီအမှု မစစ်ခင် ပြီးခဲ့တဲ့ စနေနေ့ ကလည်း ဒေလီမှာပဲ ၂၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး မတရား ပြုကျင့် သတ်ဖြတ် ခံခဲ့ရတဲ့ အတွက် လူတွေရဲ့ မကျေနပ်သံ ပိုညံ လာတာကြောင့် အာဏာပိုင်တွေ အနေနဲ့လည်း ဒီလို အမှုမျိုးကို အထူး သတိထား ကိုင်တွယ် နေရပါတယ်။

ဒီဇင်ဘာ လလယ်က အုပ်စုဖွဲ့ အဓမ္မပြုကျင့် ခံရတဲ့ မိန်းကလေး ဟာ စင်ကာပူမှာ ၂ ပတ်တာ ဆေးကုသ ခံယူနေစဉ် သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ ဖခင်က ပြောရာ မှာတော့ သူ့သမီး ပျောက်နေတဲ့ အချိန်မှာ ရဲကို တိုင်ကြား ခဲ့ပေမယ့် ရဲက ပေါ့ပေါ့ တန်တန်ပဲ သဘောထား ခဲ့ကြောင်း၊ နောက်ပြီး သူ့သမီးကို အုပ်စုဖွဲ့ ပြုကျင့်တာ ခံရနိုင်ကြောင်း ပြောခဲ့တယ်လို့ ဖခင်က ပြောပါတယ်။

ဒါကြောင့် အဲဒီ အချိန်က တာဝန်ကျ ရဲ ငါးဦးကိုလည်း တချို့ကို တာဝန်က ရပ်စဲခဲ့ပြီး တချို့ကိုတော့ နေရာ ရွှေ့ပြောင်းခဲ့ ပါတယ်။

ဒီအမှုဟာ အိန္ဒိယ နိုင်ငံကို လှုပ်ခါ ခဲ့ပြီး အထူးသဖြင့် လူ့အသိုင်း အဝိုင်း အတွင်း အမျိုး သမီးတွေ အပေါ် မတရား ဆက်ဆံမှုတွေ နဲ့ ပတ်သက်ပြီး၊ ငြင်းခုံ ဆွေးနွေး မှုတွေ ပြုလုပ် လာခဲ့ကြ ပါတယ်။

ဒါကြောင့် အဓမ္မ ပြုကျင့်မှုနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြင်ဆင်ဖို့နဲ့ ရဲတွေနဲ့ ပတ်သက် ပြီး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ တက်ကြွ လှုပ်ရှားသူတွေ ကလည်း ဆော်သြ နေကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။