BBC navigation

တရုတ်သတင်းလောကနဲ့ ကွန်မြူနစ်ပါတီ ထိန်းချုပ်မှု

နောက်ဆုံး ရေးသားချိန် 8 ဇန်နဝါရီလ 2013 - 17:48 GMT

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ကျိုးမြို့မှာ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှုတွေကို ကန့်ကွက်နေတဲ့ သတင်းစာတိုက်တခုက သတင်းသမားတွေနဲ့ အတူ ဆန္ဒပြသူတွေထွက်လာပြီး ပူးပေါင်းလို့ ဒုတိယနေ့အဖြစ် ဆက် ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြနေတဲ့ ဆောက်သန် ဝိကလီး တောင်ပိုင်းအပတ်စဉ်သတင်းစာ ရုံးခန်းတွေရှိရာကို ဆန္ဒပြသူတွေ ရောက်လာပြီး သူတို့နဲ့ တသဘောထဲရှိကြောင်း ထုတ်ပြခဲ့ကြပါတယ်။

မနေ့က ဆန္ဒပြပွဲတွေ စဖြစ်ခဲ့ပြီးတဲ့ နောက် ဒီကနေ့မှာတော့ တရုတ် သတင်းစာ တော်တော်များများမှာ မီဒီယာဟာ အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိသင့်တယ်ဆိုတဲ့ ကွန်မြူနစ်ပါတီက ထုတ်ပြန်ပေးပို့တဲ့ ခေါင်းကြီးဆောင်းပါးကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ တချို့ သတင်းစာတွေက တော့ ပါတီက ပေးတဲ့ ခေါင်းကြီးကို တမင် မဖော်ပြပဲ ဆန့်ကျင်ခဲ့ကြပါတယ်။

တောင်ပိုင်း အပတ်စဉ်သတင်းစာက ရေးတဲ့ လွတ်လပ်မှုတွေ ပိုလိုတယ်ဆိုတဲ့ အကြောင်း ဆောင်းပါးကို ပါတီ အာဏာပိုင်တွေက ဆင်ဆာဖြတ်ပြီး ပြုပြင်ပြောင်းလဲ ရေးတွေနဲ့ ပတ်သက်လို့ ရေးသား ထားတဲ့ သတင်းစကား တွေနေရာမှာ ကွန်မြူနစ် ပါတီကို ဂုဏ်ပြု ချီးမွမ်းတဲ့ စာသားတွေနဲ့ အစားထိုးခဲ့တဲ့ အတွက် အဲဒီ သတင်းစာ တိုက်က သတင်းစာ ဆရာတွေ က သတင်းစာ ထုတ်ဝေတဲ့ ဂွမ်ဒုံး ပြည်နယ်ရဲ့ ပါတီ ဝါဒဖြန့်ရေး အကြီးအကဲ ထော်ကျင့် ကိုပါ နုတ်ထွက် ပေးဖို့ အတွက် စာ ၂ စောင် ရေးလို့ တောင်းဆို ခဲ့ပြီး တနင်္လာနေ့က စတင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် တရုတ် နိုင်ငံပိုင် Global Times သတင်းစာ အယ်ဒီတာအာဘော်မှာတော့ အခုပြောနေကြတဲ့ နှစ်သစ်ကူး သတင်းစကားကို ပြောင်းလဲခဲ့တဲ့ ကိစ္စမှာ ပြည်နယ်ရဲ့ အာဏာပိုင် တွေပါဝင် ပတ်သက်မှု မရှိတဲ့ အကြောင်း၊ ဒါတွေက အမေရိကန်မှာ ရောက်နေတဲ့ မျက်မမြင် ရှေ့နေ ချန်းဂွမ်ချန်း တို့လို ပြည်ပရောက် နေတဲ့ တရုတ် အစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့တွေက မီဒီယာတွေကို အစိုးရနဲ့ ထိတ်တိုက် တွေ့အောင် မြှောက်ပေးနေကြတာ ဖြစ်တယ်လို့ ရေးသားဖေါ်ပြခဲ့ပါတယ်။

နောက်ပြီး အဲဒီ အပြင်က ဆန့်ကျင်ရေး သမားတွေ တောင့်တ နေကြသလို လုံးဝ လွတ်လပ်တဲ့ မီဒီယာ ဆိုတာ ဖြစ်လာဖို့ အတွက်က တရုတ် ပြည်ရဲ့ လက်ရှိ အနေအထား အရ မဖြစ်နိုင်ဘူး လို့လည်းရေးသား ဖော်ပြ ခဲ့ပါတယ်။
အခု အင်္ဂါနေ့မှာတော့ ဒီ Global Times ရဲ့ အာဘော်ကို တခြား သတင်းဝက်ဆိုက် တွေက ပြန်ပြီး ဖော်ပြခဲ့ကြပြီး အဲဒီ လို ပြန်လည် ဖော်ပြ ကြတာဟာ အစိုးရဆီက လာတဲ့ ညွှန်ကြား မှုကြောင့် ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်လာ ခဲ့ပါတယ်။

အခု အင်တာနက် ပေါ်မှာ ပြန့်နေတဲ့ စာသားတွေ ထဲမှာ အစိုးရရဲ့ မီဒီယာ နဲ့ ပတ်သက်လို့ မယိမ်းယိုင် တဲ့ မူဝါဒတွေ၊ ပြည်ပက သွေးထိုးနေတဲ့ အဖွဲ့တွေ ကို အပြစ်တင်ထား တာတွေသာ မကဘဲ အခု ဆန္ဒပြနေတဲ့ Southern Weekly သတင်းစာက သတင်းသမားတွေကို မထောက်ခံကြဖို့ တွေရေးသား ထားပါတယ်။
အဓိက သတင်းဝက်ဆိုက် ကြီးတွေဖြစ်ကြတဲ့ ရှင်နာ၊ ဆိုဟူနဲ့ တဲန်းဆဲန့် တို့မှာ အဲဒီအစိုးရ အာဘော်တွေကို ဖေါ်ပြခဲ့ကြပေမယ့် တခြား နာမည်ရ သတင်းစာ တချို့ဖြစ်တဲ့ Xiao Xiang Morning Post, Shanghai Morning Post, China Youth Daily နဲ့ Oriental Daily သတင်းစာ ကြီးတွေမှာတော့ ဒီ Global Times ရဲ့ အာဘော်ကို ဖော်ပြခြင်း မရှိပါဘူး။

တကယ်တော့ တရုတ်ပြည်မှာ မီဒီယာ လောကကို အစိုးရရဲ့ ဝါဒဖြန့်ချီရေး ဌာနတွေကနေ ထိန်းချုပ် ထားတာ ဖြစ်ပါတယ်။

အခု ဖြစ်နေတဲ့ ပြဿနာ တွေဟာဖြင့် ပြီးခဲ့တဲ့ နိုဝင်ဘာလက တက်လာခဲ့တဲ့ တရုတ် ခေါင်းဆောင်သစ် တွေအတွက် စမ်းသပ်မှု တခုပဲ ဆိုပြီး အားလုံးကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။