BBC navigation

ကက်ရှ်မီးယားမှာ ခေါင်းဖြတ်ခံထားရတဲ့ အိန္ဒိယစစ်သား အလောင်းတွေ့

နောက်ဆုံး ရေးသားချိန် 9 ဇန်နဝါရီလ 2013 - 18:09 GMT

အိန္ဒိယစစ်သားတွေရဲ့ ရုပ်အလောင်းတွေ ခုတ်ထစ် ခေါင်းဖြတ် ခံထားရ

အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံအကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ ကက်ရှ်မီးယား ပြည်နယ် နယ်စပ်တလျှောက်မှာ အသတ်ခံခဲ့ရတဲ့ အိန္ဒိယ စစ်သားနှစ်ဦးအနက် တဦးရဲ့ ရုပ်အလောင်းဟာ ပါကစ္စတန် တပ်ဖွဲ့ဝင်တွေရဲ့ ခေါင်းဖြတ်ခုတ်ထစ်တာ ခံခဲ့ရတယ်လို့ အိန္ဒိယ စစ်တပ်က ပြောပါတယ်။

အဲဒီ စစ်သားနှစ်ဦးစလုံးရဲ့ ရုပ်အလောင်းတွေ ခုတ်ထစ် ခံထားရပြီး အလောင်းတလောင်းရဲ့ ဦးခေါင်းကို ရှာမတွေ့သေးဘူးလို့ ပြောပါတယ်။

ပါကစ္စတန် တပ်ဖွဲ့ဝင်တွေ နယ်စပ်ဖြတ်ကျော်ပြီး ဒီတိုက်ခိုက်မှုကို ကျူးလွန်ခဲ့တာလို့ အိန္ဒိယ အစိုးရက မနေ့တုန်းက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး A.K Anthony က ပါကစ္စတန် စစ်တပ်ရဲ့ လုပ်ရပ်ဟာ အလွန်အမင်း သွေးထိုးရန်စတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။

ပါကစ္စတန် အစိုးရကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်အတွင်းက ပါကစ္စတန် စစ်သားတဦး သေဆုံးခဲ့ရတဲ့ နောက်ဖြစ်ရပ်တခုကို အာရုံလွှဲနိုင်ဖို့ အိန္ဒိယ အစိုးရက ဝါဒ ဖြန့်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ကက်ရှ်မီးယား ပြည်နယ် နယ်စပ်တလျှောက်မှာ နယ်စပ် ဖြတ်ကျော် အပြန်အလှန် ပစ်ခတ်တာမျိုး အထိုက်အလျောက် ဖြစ်လေ့ ဖြစ်ထရှိပေမယ့် အခုလို စစ်ရေးအရ ကျူးကျော် တိုက်ခိုက်တာမျိုးတော့ သိပ်ဖြစ်လေ့ မရှိပါဘူး။

ကက်ရှ်မီးယား ပြည်နယ် ကို အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးက သူပိုင်ကိုယ်ပိုင် အငြင်းပွားနေကြပြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေ ဆက်ဖြစ်နေမှုရဲ့ အကြောင်းရင်းခံတခု ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။