BBC navigation

မာလီမှာ သူပုန် သိမ်းတဲ့ မြို့ကို အစိုးရပြန်ယူ

နောက်ဆုံး ရေးသားချိန် 12 ဇန်နဝါရီလ 2013 - 02:13 GMT
Mali militants

စစ်သွေးကြွတွေဟာ နိုင်ငံ တဝက်လောက်အထိ သိမ်းပိုက်ထားခဲ့။

အာဖရိကတိုက်က မာလီနိုင်ငံမှာ အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်စပ်မှုရှိပြီး နိုင်ငံတဝက်လောက်ကို သိမ်းထားတဲ့ အစ္စလာမ္မစ်သူပုန်တွေကို ရင်ဆိုင်နေရတဲ့ အစိုးရကို ပြင်သစ်က တပ်တွေ စေလွှတ် အကူအညီပေးခဲ့ပြီးတဲ့နောက် အစိုးရတပ်တွေဟာ စောစောပိုင်းက သူပုန်တွေ သိမ်းထားတဲ့ နိုင်ငံအလယ်ပိုင်းက အရေးပါတဲ့ ကိုနာမြို့ကို ပြန်သိမ်းယူနိုင်ခဲ့ပါတယ်။

သူပုန်တွေကြောင့် မာလီနိုင်ငံ တည်ရှိမှုကိုတောင် ခြိမ်းခြောက်ခံနေရပြီလို့ ယူဆရတဲ့ အတွက် မာလီအစိုးရ တောင်းလာတဲ့ စစ်ရေး အကူအညီကို ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလန်းက ပြောပါတယ်။

အဲဒီ စစ်ရေး အကူအညီထဲမှာ လေကြောင်းက တိုက်ခိုက်မှုတွေလည်း ပါဝင်တယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက အတည်ပြု ပြောပါတယ်။

ဒေသတွင်း အဖွဲ့ အစည်းအဖြစ်တဲ့ အနောက်အာဖရိက နိုင်ငံများအဖွဲ့ ECOWAS ကလည်း မာလီအစိုးရကို စစ်ရေး အကူအညီ ချက်ခြင်းပေးဖို့ အဖွဲ့ဝင် နိုင်ငံတွေကို ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

မာလီသမ္မတ ဒီယန်ကွန်ဒါ ထရာအိုရေကတော့ ဒီ စစ်ပွဲကို သူပုန်တွေက တောင်းဆိုတာ ဖြစ်တယ်၊ ဒါကြောင့် အပြတ်ချေမှုန်းသွားမယ်၊ မာလီနိုင်ငံ နယ်မြေတလက္မမှ သူပုန်လက်ထဲမှာ ကျန်မနေအောင် တိုက်ခိုက်ပြီး ပြန်ယူသွားမယ်လို့ ပြောပါတယ်။

မာလီမြောက်ပိုင်းကို ဧပြီလလောက်ကတည်း အစ္စလမ္မစ်စစ်သွေးကြွတွေ ထိန်းချုပ်နေခဲ့တာဖြစ်ပါတယ်။

သူတို့ဟာ ကိုနာမြို့ကို သိမ်းယူနိုင်ခဲ့ပြီး အစိုးရ ထိန်းချုပ်ရာနယ်မြေတွေဆီ ရှေ့တိုး ချီတက်လာနေတယ်လို့ ကြသပတေးနေ့က အစ္စလမ္မစ်တွေက ပြောပါတယ်။

ဒီလို ရှေ့တိုးလာနေတဲ့ သူပုန်တွေကို တားဆီးနိုင်ရေးဟာ အလွန်အရေးကြီးတယ်၊ မတားဆီးနိုင်ရင် မာလီတနိုင်ငံထည်းသာမက တခြားနိုင်ငံတွေပါ အစ္စလမ္မစ်တွေ လက်ကျသွားနိုင်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အစ္စလမ္မစ်တွေ မာလီကို သိမ်းလိုက်ရင် မာလီဟာ အရင်က အာဖဂန်နစ္စတန်လို ဖြစ်သွားလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

နောက်ပြီး ဒါဟာ အာဖရိက တတိုက်လုံးနဲ့ ဥရောပတိုက်ကိုပါ ခြိမ်းခြောက်မှုတခုလို့ သူက ပြောပါတယ်။

အန္တရာယ်ကျနေတဲ့ မာလီနိုင်ငံအပြင် မာလီနိုင်ငံနေထိုင်နေကြတဲ့ ပြင်သစ်လူမျိုးတွေကိုလည်း ကယ်တင်လိုတာဖြစ်တယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။

မာလီမှာ ပြင်သစ်လူမျိုး ခြောက်ထောင်လောက်နေထိုင်နေတာဖြစ်ပြီး လောလောဆယ် ပြင်သစ် ၇ ဦးထက်မနည်း အစ္စလမ္မစ်တွေရဲ့ ဓါးစာခံအဖြစ် ထိန်းသိမ်းတာကို ခံနေကြရပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။