BBC navigation

လိင်ပိုင်း စော်ကားမှုတွေကို သားရဲတကောင်လို Savile ကျူးလွန်ခဲ့

နောက်ဆုံး ရေးသားချိန် 11 ဇန်နဝါရီလ 2013 - 17:33 GMT

လိင်စော်ကားမှုတွေဟာ ဘီဘီစီ ရုံးဌာနတွေနဲ့ Savile စေတနာ့ ဝန်ထမ်း လုပ်ခဲ့တဲ့ ဆေးရုံတွေမှာ ဖြစ်ပွားခဲ့

ဒီကနေ့ ထွက်လာတဲ့ Jimmy Savile နဲ့ ပတ်သက်တဲ့ အစီရင်ခံစာဟာ ပြီးခဲ့တဲ့ ၃ လက စပြီး စကော့တလန် ယာ့ဒ် ရဲဌာန နဲ့ NSPCC လို့ခေါ်တဲ့ ကလေးသူငယ်များအပေါ် အကြမ်းဖက် မှုတွေကနေ ကာကွယ်ပေးရေး အဖွဲ့တို့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ် ပြီးနောက် ထွက်လာတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တနှစ်ကျော် အသက် ၈၄ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ Jimmy Savile ဟာ ၁၉၅၅ ခုနှစ်ကစလို့ နှစ်ပေါင်း ၆၀လောက်အတွင်း လူ နှစ်ရာလောက်ကို မဖွယ်မရာ လုပ်ခဲ့ကြောင်း၊ အဲဒီထဲမှာ ဖြစ်ရပ် ၃၀ ကျော်လောက်ဟာ အဓမ္မပြုကျင့်မှု မြောက်နိုင်ကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Jimmy Savile ဟာ ရဲအရေးပိုင် နယ်မြေ ၂၈ နေရာမှာ ဒီအမှုတွေကို ကျူးလွန်ခဲ့ပြီး အဲဒီထဲမှာ အများစုဟာ ဘီဘီစီရုံး အဆောက်အအုံတွေနဲ့ သူ ပရဟိတ ဝန်ထမ်းအဖြစ် လုပ်ခဲ့တဲ့ ဆေးရုံ ဆေးခန်းတွေမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ရုပ်မြင်သံကြား အစီအစဉ်တခုထဲမှာ သူ့ကို စွပ်စွဲပြောဆိုမှု တစ်ခု လွှင့်ထုတ်ခဲ့ပြီးတဲ့နောက် ကျန်တဲ့ စော်ကားခံရသူတွေလည်း ထုတ်ဖေါ် ပြောလာကြတာ ဖြစ်ပါတယ်။

ကျူးလွန်မှု အများစုဟာ ၁၉၆၀ ကျော် ၇၀ ပြည့်နှစ် ဝန်းကျင်တွေမှာ ဖြစ်ခဲ့တာပါ။

အစိုးရရှေ့နေရုံး CPS က Jimmy Savile ကိစ္စမှာ သူတို့ရဲ့ ပျက်ကွက်ခဲ့မှုတွေ အတွက် တောင်းပန် လိုက်ပြီး တကယ်တော့ Jimmy Savile ကို သူမကွယ်လွန်ခင်ကတည်းက အရေးယူနိုင်ဖို့ ကောင်းတယ်လို့ ပြောပါတယ်။

သူမကွယ်လွန်ခင်က ရဲက စုံစမ်းခဲ့တဲ့ အမှု ၃ မှုမှာ ရဲက မလိုအပ်ပဲ အတိုင်းအတာ တခုထိ သတိကြီးကြီးထားလွန်းခဲ့ကြောင်းနဲ့ အလားတူ တိုင်တန်းတဲ့ အမှုမျိုး ရှိတယ်ဆိုတာ ရဲက ထုတ်ပြောခဲ့ရင် Jimmy Savile ကို အရေးယူနိုင်ခဲ့လိမ့်မယ်လို့ CPS က ထုတ်ပြန်တဲ့ သုံးသပ်ချက် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။